သံဃာတော်များအား လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ဆဲဆိုသူ Kyaw Win Thant အကောင့်ပိုင်ရှင်အား အရေးယူပေးရန် တောင်းဆိုရာမှ မိတ္ထီလာမြို့တွင် လူစုလူဝေး ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ယင်းအကောင့်ပိုင်ရှင်အား ဖမ်းဆီး

သံဃာတော်များအား လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ဆဲဆိုသူ Kyaw Win Thant အကောင့်ပိုင်ရှင်အား အရေးယူပေးရန် တောင်းဆိုရာမှ မိတ္ထီလာမြို့တွင် လူစုလူဝေး ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ယင်းအကောင့်ပိုင်ရှင်အား ဖမ်းဆီး
Published 19 May 2020
ဝဏ္ဏ (မိတ္တီလာ)

လူမှုကွန်ယက်ပေါ်တွင် သံဃာတော်များအား ဝေဖန်ခဲ့သည့် Kyaw Win Thant အကောင့်ပိုင်ရှင်အား အရေးယူပေးရန် တောင်းဆိုရာမှ မိတ္ထီလာမြို့တွင် ယနေ့ (မေလ ၁၉ ရက်) နံနက်ပိုင်းက လူစုလူဝေး ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းအားဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ ဝေဖန်ဆဲဆိုရေးသားခဲ့သူ Kyaw Win Thant အကောင့်ပိုင်ရှင်က ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် ကိုးနဝင်းကျောင်းတိုက်၌ တောင်းပန်ပွဲပြုလုပ်စဉ် ယင်းကျောင်းတိုက် ပြင်ပတွင် လူစုလူဝေး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပထမရက်က ဆရာတော်ကြီးတွေကို သူ့အဖေက လိုက်တောင်းပန်တာ၊ နောက်ရက်ကျတော့ ဆရာတော်ကြီးတွေကို ကာယကံရှင်ကိုယ်တိုင် တောင်းပန်မယ်ဆိုပြီး ကိုးနဝင်းကျောင်းမှာ တောင်းပန်ပွဲလုပ်တာ၊ ဆရာတော်ကြီးတွေက တောင်းပန်တာကို လက်မခံဘူး။ တရားစွဲဆိုဖို့ အမိန့်ရှိတာနဲ့ အခုတရားစွဲဖို့ ပြင်ဆင်နေတုံးမှာ၊ ကျောင်းအောက်မှာ လူစုလူဝေးဖြစ်ပြီး၊ အော်ကြဟစ်ကြ၊ ခဲနဲ့ထုကြ ဖြစ်သွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ အကုန်လုံးရှိတယ်။ နောက်ဆုံးကျ ရဲကားပေါ် စွဲတင်ပြီး လက်ထိပ်ခတ် ခေါ်သွားတယ်၊ ဒါတောင်မှ ရဲကားနောက်ကလိုက်ပြီး ခဲနဲ့ထုကြသေးတယ်။ မန္တလေးကို ဖမ်းခေါ်သွားတယ်။ ခဏတော့ ရဲစခန်းရှေ့မှာ လူအုပ်ဖြစ်လိုက်သေးတယ်၊ ခုတော့ရဲစခန်းရှေ့က လူအုပ်စုလည်း မရှိတော့ဘူး” ဟု အဆိုပါ နေရာတွင် ရောက်ရှိနေသော ကိုစိုးမှ ပြောကြားသည်။

“လူမှုကွန်ရက်ပေါ်မှာ ကျော်ဝင်းသန့် အကောင့်ကနေ ဘာသာသနာကို စော်ကားတာတွေ တက်လာတယ်၊ ဒါကိုမြို့နေလူထုက မကျေနပ်ကြဘူး၊ လူမှုကွန်ရက်မှာ ဘာသာသာသနာကို စော်ကားတဲ့လူက မိတ္ထီလာက ဆိုပေမယ့် ရန်ကုန်မှာနေတာ၊ သူ့ဖအေနဲ့ မအေပဲ မိတ္ထီလာမှာ လက်ရှိနေနေတာ၊ အဲ့ဒီလိုဆိုတော့ ကျွန်တော်တို့က နောက်မှကျန်နေတဲ့ သူ့မအေ၊ ဖအေလုံခြုံရေးကို စိုးရိမ်တယ်၊ အဲ့ဒါနဲ့ ကျွန်တော်တို့က မြို့ပေါ်က သံဃာတော်တွေကို သွားလျှောက်ထားတယ်၊ တရားစွဲဖို့ကျလည်း အဖွဲ့အစည်းတွေက ဟိုအကြောင်း ရှိသေးတယ်၊ ဒီအကြောင်း ရှိသေးတယ်၊ အဲ့ဒီလိုဖြစ်နေတုံး တောင်းပန်ပွဲဆိုပြီး လုပ်လိုက်တာ၊ လူစုလူဝေးဖြစ်ပြီး ခဲတွေနဲ့ထုကုန်တယ်” ဟု မိတ္တီလာမြို့နေ ကိုဖြိုးဝေသန့်က ပြောကြားသည်။

Kyaw Win Thant အကောင့်ပိုင်ရှင်မှာ အသက် ၃၁ နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ ကနဦး သိရသည်။

Kyaw Win Thant အကောင့်ပိုင်ရှင်က “ကတုံးတွေက Sex Education ဘယ်သိမလဲ၊ သူတို့မှ မသင်ဘူးတာ၊ အဲတော့ မြန်မာ့ယဉ်ကျေးမှုဘာညာ ဝင်ရောင်းတော့တာပေါ့ ဟုလည်းကောင်း၊ မိတ္ထီလာမှာဆို ကိုယ်တွေငယ်ငယ်က မြို့လည်ကောင်မီးပွိုင့်ဘေးေ-ာ ကား ပြတဲ့ ချက်ဖောင်းရုံမှာ ကိုကတုံးတို့ ရှေ့ဆုံးက မမြင်ချင်မှအဆုံး နဂါးရုံက ကိုယ်တော်တွေ တဟီးဟီးနဲ့ အပြစ်မပြောပါဘူး ကတုံးလည်း လူပဲဟာ ေ-ာ ကား ကြည့်ချင်တာပေါ့ဟုလည်းကောင်း ၊ တစ်ခုပဲ ေ-ာက် လုပ်လည်း လုပ်မစားဘူး၊ လှူတာအလကားစား တော်ကီပွားတယ်၊ လူတွေလုပ်သမျှလည်း လိုက်လုပ်တယ်၊ -ာ တန်းလည်း သွား ေ-ာ ကားလည်းကြည့် ဘောလုံးပွဲလည်းလောင်း၊ ဒိုင်တောင်ကိုင်သေး အဲဒါတွေ လုပ်နေပြီး မြန်မာပြည်ကြီးကို သူတို့ကပဲ ကယ်တင်ထားသလိုလို ဟုလည်းကောင်း၊ ဒီသာသနာကြီးမှ မရှိရင် တိုင်းပြည်ကြီး -ီး ဖြစ်တော့မှာလိုလိုနဲ့ အလကားနေ ဘုရားထူးခံချင်၊ အပေါ်စီးက နေချင်၊ ကိစ္စတို်င်း ဝင်ပါချင်နေရင်တော့ -ီး ပဲရမယ် ေ-ာက်ကတုံးတွေ” ဟု ၄င်း၏ facebook အကောင့်တွင် မေ ၁၇ ရက်က ရေးသားခဲ့သည်။

ထို့ပြင် “အသိုင်းဝိုင်းတစ်ခုလုံးကို အယုံအကြည်မရှိတာပါ ပါချုပ်ဆရာတော်ကစလို့ မနေ့ကမှ ကိုရင်ဝတ်တဲ့ ကိုရင်ပေါက်စအဆုံး လူယုတ်မာတွေ တိုင်းပြည်ကို ဂုတ်ခွစီး ဂုတ်သွေးစုပ်နေတဲ့ကောင်တွေလို့ မြင်တာပဲ ဟုလည်းကောင်း၊ ဘုန်းကြီးတိုင်း -ာ တန်း မသွားပေမယ့် ဘုန်းကြီးတိုင်း အလုပ်မလုပ်ဘူး၊ အခွန်မဆောင်ဘူး၊ အခြေအမြစ်မရှိတဲ့ ငရဲတွေ သံသရာတွေနဲ့ လူထုကို ခြိမ်းခြောက်ပြီး ဂုတ်သွေးစုပ်နေတာဟု လည်းကောင်း” မှတ်ချက်ရေးသားမှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ရေးသားပြောဆိုမှုများအပေါ် Facebook လူမှုကွန်ရက်နှင့် မိတ္ထီလာမြို့တွင် ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါ Kyaw Win Thant အကောင့်ပိုင်ရှင်က ၄င်း၏ Facebook အကောင့်တွင် မိတ္ထီလာမြို့မိမြို့ဖများနှင့် သံဃာ အဖွဲ့အစည်းများအား ပြန်လည်တောင်းပန် ရေးသားမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ တောင်းပန်မှုတွင် “ကျွန်တော်သည် ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကျား/မ (လိင် ပညာရေး) နှင့် ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့ရာ သံဃာအဖွဲ့အစည်းကို ထိခိုက်စေသော စကားလုံးများ များစွာ ပါဝင်သွားခဲ့ပါသည်။ ထိုကိစ္စကြောင့် မိတ္ထီလာ မြို့မိမြို့ဖများနှင့် မြို့နေ သံဃာအဖွဲ့အစည်းမှ စိတ်နှလုံး မချမ်းမြေ့ဖွယ် ဖြစ်ရကြောင်း ကြားသိရပါသည်။ ကျွန်တော့်အနေဖြင့် ကောင်းမြတ်ဝန်တာကို ကျေပွန်ဆောင်ရွက်သော သူများကိုပါ သိမ်းကျုံး ပြောဆိုသကဲ့သို့ ဖြစ်သွားရသည့်အတွက် ထိုအရေးအသားမျိုး ရေးမိသည့်အတွက် မြို့မိမြို့ဖများ၊ သံဃာအဖွဲ့အစည်းများအား လေးစားစွာ တောင်းပန်ကြောင်း၊ နောင်တွင်ထိုသို့ သိမ်းကျုံး ထိခိုက်သော အရေးအသားများအား ရှောင်ရှားမည်ဟု ကတိပေးကြောင်း ယခုလို ရေးသား၍ တောင်းပန်အပ်ပါသည် ” ဟု ရေးသားခဲ့သည်။

လက်ရှိအချိန်တွင် ၎င်းအား မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန််းဌေးဦးနှင့် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးကာ မန္တလေးမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး အမှုဖွင့်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

​​​​​​​

Most Read

Most Recent