ရန်ကုန်မြို့တွင် အဆင့်မြင ့်ကွန်ဒိုမီနီယမ်တိုက်ခန်း ၁၃၀၆၀ ဝန်းကျင်ရှိလာပြီး ရောင်းအား ကျဆင်းမှုများကြောင့် အခန်းရောင်းချသူအချို့ ရောင်းစျေး ရာခိုင်နှုန်း ၂၀ မှ ၃၀ အထိ လျှော့ချ

ရန်ကုန်မြို့တွင် အဆင့်မြင ့်ကွန်ဒိုမီနီယမ်တိုက်ခန်း ၁၃၀၆၀ ဝန်းကျင်ရှိလာပြီး ရောင်းအား ကျဆင်းမှုများကြောင့် အခန်းရောင်းချသူအချို့ ရောင်းစျေး ရာခိုင်နှုန်း ၂၀ မှ ၃၀ အထိ လျှော့ချ
ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ အထပ်မြင် ့အဆောက်အအုံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ အထပ်မြင် ့အဆောက်အအုံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 19 May 2020
စည်သူအောင်

ရန်ကုန်မြို့တွင် အဆင့်မြင့် ကွန်ဒိုမီနီယမ် တိုက်ခန်း ၁၃၀၆၀ ဝန်းကျင်ရှိလာပြီး ရောင်းအားကျဆင်းမှုများကြောင့် အခန်းရောင်းချသူအချို့ ရောင်းစျေး ရာခိုင်နှုန်း ၂၀ မှ ၃၀ အထိ လျှော့ချခဲ့ကြောင်း ကနေဒါ အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Colliers International (Myanmar) ၏ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ် စျေးကွက်သုံးသပ်ချက်အရ သိရသည်။

၂၀၁၈ ခုနှစ်နှစ်ကုန်၌ ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီ ကွန်ဒိုတိုက်ခန်း ၁၀၅၅၃ ခန်းရှိမည်ဟု မျှော်မှန်းခဲ့သော်လည်း  တည်ဆောက်ရေး ကြန့်ကြာမှုများကြောင့် ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်အထိ အခန်းပေါင်း ၁၂၃၃၀ ဝန်းကျင်သာ ရှိခဲ့သည်။ စျေးကွက်အတွင်း ဝယ်လိုအားကျဆင်းမှုကြောင့် အရည်အသွေးမြင့်မားပြီး စျေးနှုန်းကြီးမြင့်သည့် ကွန်ဒိုတိုက်ခန်းများထက် အလယ်အလတ် စျေးနှုန်းသင့်တင့်သည့် ကွန်ဒိုတိုက်ခန်းများ ပိုမိုအရောင်းသွက်လာခဲ့ကာ Luxury အခန်းများမှာ ငွေကြေး ကြွယ်ဝသူများ၏ ဝယ်လိုအားကြောင့် စျေးနှုန်းမြင့်မားနေဆဲဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း အခန်းပေါင်း ၃၀၀၀ နီးပါးထပ်တိုးမည်ဟု ခန့်မှန်းခဲ့သော်လည်း စီမံကိန်းအများစုသည် နှောင့်နှေးမှုများ ဖြစ်ပေါ်နေ၍ စျေးကွက်အတွင်းသို့ ရောက်မလာဘဲ ရှိနေသည်။ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် အခန်းသစ် ၆၅၀၊ ဒုတိယသုံးလပတ်တွင် အခန်းသစ် ၄၈၅ ခန်း၊ စတုတ္ထသုံးလပတ်တွင် ၁၂၅၀ ခန်းသာ စျေးကွက်ဝင်ရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ယခင်နှစ်ကာလတူထက် အခန်းပေါင်း ၄၀ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ယခင်သုံးလပတ်ထက် အခန်းပေါင်း ၁၁ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ်တွင် အခန်းပေါင်း ၇၃၀ စျေးကွက်ဝင်ရောက်ခဲ့သည်။

စျေးကွက်ကျဆင်းမှု ရှိနေသော်လည်း ဆောက်လက်စ ကွန်ဒိုတိုက်ခန်းများ ရှိနေသောကြောင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တိုက်ခန်းသစ်ထွက်ရှိမှု ပျမ်းမျှ တစ်နှစ်လျှင် ၃၂၀၀ ဝန်းကျင်ရှိမည်ဟု မျှော်မှန်းထားသည်။ ၂၀၁၉ ခုနှစ်အတွင်း တည်ဆောက်ဆဲ ကွန်ဒိုတိုက်ခန်း စီမံကိန်းပေါင်း ၂၉ ခုရှိပြီး အများစုမှာ ကြန့်ကြာလျက်ရှိသည်။

ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုနှုန်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၅၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈ ပထမသုံးလပတ်တွင် ၅၉ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်၊ စတုတ္ထသုံးလပတ်နှင့် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ၅၈  ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် ၅၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၆၁ ရာခိုင်နှုန်း ရှိခဲ့ပြီး ကားပါကင်နေရာ လုံလောက်စွာ မပေးနိုင်သော ကွန်ဒိုတိုက်ခန်းများမှာ ရောင်းအားပိုမိုကျဆင်းလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ သော မူဝါဒအပြောင်းအလဲများကြောင့် အထပ်မြင့် အဆောက်အအုံများ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခဲ့ရပြီး အကျိုးဆက်အနေဖြင့် ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အထိ အထပ်မြင့် အဆောက်အအုံများမှ ကွန်ဒိုမီနီယမ်တိုက်ခန်းများ အသစ်ထွက်ရှိမှု လျော့နည်းခဲ့ရသည်။ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်စ၍ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အထိ ဝယ်လိုအားများ ကျဆင်းလာခဲ့ပြီး ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ဝယ်လိုအား ပြန်လည်မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက လာမည့်ငါးနှစ်အတွင်း ကွန်ဒိုမီနီယမ်တိုက်ခန်း တစ်နှစ်လျှင် ပျမ်းမျှ ၂၁၀၀ ခန့်ထွက်ရှိမည်ဟု Colliers က ခန့်မှန်းခဲ့သော်လည်း စီမံကိန်းနှောင့်နှေးမှုများကြောင့် ၂၀၁၆ ခုနှစ်တွင် အခန်းပေါင်း ၁၆၀၀ ဝန်းကျင်၊ ၂၀၁၇ ခုနှစ်အတွင်း အခန်းပေါင်း ၉၀၀ ဝန်းကျင်၊ ၂၀၁၈ ခုနှစ်အတွင်း အခန်းပေါင်း ၅၀၀ ဝန်းကျင်၊ ၂၀၁၉ ခုနှစ်အတွင်း အခန်းပေါင်း ၃၀၀၀ ဝန်းကျင် အသစ်ထွက်ခဲ့သည်။

၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်ကွန်ဒိုမီနီယမ် စျေးကွက်တွင် အနိမ့်ဆုံးစျေးနှုန်း ဒေါ်လာ ၉၄၀၀၀ ဝန်းကျင်မှ အမြင့်ဆုံးစျေးနှုန်း ၉၁၃၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။ ကြိုတင်ငွေပေးသွင်းမှု စနစ်ဖြင့် ပျမ်းမျှဝယ်ယူမှုသည် ၂၀၁၆ ခု နှစ်တွင် ၅၃ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး၂၀၁၉ ခုနှစ် အစပိုင်းတွင် ၅၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကာ နှစ်ကုန်တွင် ၆၁ ရာခိုင်နှုန်းအထိ ပြန်တက်ခဲ့သည်။

Colliers ၏ တွက်ချက်မှုများအရ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ ကွန်ဒိုမီနီယမ်တိုက်ခန်းများအနက် အလယ်အလတ်အဆင့် ၁၄ ရာခိုင်နှုန်း၊ အလယ်အလတ်ထက် အဆင့်မြင့်သောအဆင့် ၃၇ ရာခိုင်နှုန်း၊ အရည်အသွေးမြင့်အဆင့် ၃၆ ရာခိုင်နှုန်း၊ ဇိမ်ခံအရည်အသွေးအဆင့် ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။      

Most Read

Most Recent