COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အတွက် နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းကြီး လေးခု၊ ငါးခုခန့်က ထောက်ပံ့မည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးအထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဆက်အောင် က ပြောကြားသည်။
“ COVID-19 Economic Relief Plan (CERP) အပေါ် အမြင်မတူတာတချို့ကို အနည်းငယ် ရှင်းပြလိုပါတယ်။ အချို့မီဒီယာများက CERP မှာပါတဲ့ Action Plans တွေထဲမှာမှ ငွေပမာဏကို ဖော်ပြထားတဲ့ Action Plans နှစ်ခု၊ သုံးခုလောက်ကိုဘဲကြည့်ပြီး ဒေါ်လာ သန်း ၄၀၀ လောက်ပဲရှိတဲ့ Action Plans များဆိုပြီး အမြင်ရှိနေတာကို တွေ့ရပါတယ်။ တကယ်တန်းဆိုရင် ငွေပမာဏ မဖော်ပြထားပေမဲ့ အတိုင်းအတာတစ်ခု အထိ ငွေကြေးပမာဏသုံးစွဲရန် လိုအပ်တဲ့ Action Plans များ ပါရှိပါတယ်။ အဲဒီ Action Plans များကို Costing တွက်တဲ့အခါမှာ ငွေပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်လောက် ရှိတဲ့အခြေအနေကို နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများက ချက်ချင်းမြင်ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများရဲ့သဘောကို ညှိနှိုင်းဖို့ MOPFI နဲ့ MIFER ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြီး နိုင်ငံအသီးသီးက ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနဲ့ မေ ၇ ရက်နေ့မှာ Video Conference ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ အားလုံးက CERP ကို ထောက်ခံကြိုဆိုကြပြီး အကူအညီ အထောက်အပံ့များပေးဖို့ သဘောတူခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း အားလုံးက CERP အတွက် လိုအပ်တဲ့ ငွေပမာဏကို ထောက်ပံ့ဖို့ ပြင်ဆင်နေကြပြီး နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းကြီး လေးခု၊ ငါးခုက ထောက်ပံ့မယ့် ငွေပမာဏဟာ အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးအထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ငွေပမာဏ ဘယ်လောက်ကို ပြည်ပ အထောက်အပံ့သုံးပြီး ငွေပမာဏ ဘယ်လောက်ကို Budget Re-allocation က ယူသုံးမယ်ဆိုတာ တွက်ချက်နေပါတယ်။ အခုအချိန်မှာ နိုင်ငံတော်ရဲ့ External Debt to GDP Ratio ဟာ ၁၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိတဲ့အတွက် Concessional Loans များယူဖို့ သင့်တော်ပါတယ်။ ဒီအချိန်မှာ GDP ရဲ့ အဓိက Component တစ်ခုဖြစ်တဲ့ Government Expenditure ကို မလျော့ကျစေချင်ပါဘူး။ ဒါပေမဲ့ Government Spending ကို ထိရောက်စွာ သုံးနိုင်ဖို့ လိုအပ်ပါတယ်။ Government Spending ကို အခုအချိန်မှာ ထိရောက်တဲ့ နေရာများအပေါ် Focus လုပ်နိုင်ဖို့အတွက် CERP က Policy Direction ပေးနိုင်ပါလိမ့်မယ်။ CERP ဟာ Living Document တစ်ခုဖြစ်တဲ့အတွက် ပိုကောင်းတဲ့ Action Plans များကိုလည်း ထပ်မံ ထည့်သွင်းနိုင်ပါတယ်” ဟု ဒေါက်တာ ဆက်အောင်၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သော Winston Set Aung Facebook တွင် ရေးသားထားသည်။
ထို့ပြင် အထူးခြားဆုံးအဖြစ် နိုင်ငံတကာဖွံ့ဖြိုးမှု အဖွဲ့အစည်းများက အထောက်အပံ့ပေးမည့် ပမာဏတွင် Budget Support အပိုင်းမှာ Significant Portion တစ်ခုအထိ ပါဝင်လာခြင်း ဖြစ်သည်။ Budget Support ဆိုသည်မှာ ပြည်ပ အထောက်အပံ့ကို နိုင်ငံတော်ဘတ်ဂျက်အတွင်း ထည့်သွင်း၍ နိုင်ငံတော်က ဆောင်ရွက်လိုသည့် Action Plans များကို နိုင်ငံတော်အစီအစဉ်နှင့် အပြည့်အဝ ဆောင်ရွက်စေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ခေတ်အဆက်ဆက်တွင် Budget Support အဖြစ်ထောက်ပံ့မှု အလွန်နည်းပါးခဲ့ကာ များသောအားဖြင့် စီမံကိန်းတစ်ခုချင်းစီအတွက် Specifically သုံးရန် ထောက်ပံ့မှုသာ များပြားခဲ့သည်။ နိုင်ငံတော်၏ Public Financial Management (PFM) နှင့် ဆောင်ရွက်မည့် Action Plans များကို အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုရှိမှသာ Budget Support အဖြစ်ပေးခြင်း ဖြစ်ကြောင်း ဒေါက်တာဆက်အောင်က ရေးသားထားသည်။
ထို့ပြင် COVID-19 Economic Relief Plan (CERP) ကို အားလုံး၏ ကြိုးစားအားထုတ်မှုများနှင့် ရေးဆွဲထားခြင်းဖြစ်ပြီး သက်ဆိုင်ရာဌာန တစ်ခုခြင်းဆီမှ မိမိတို့ ဆောင်ရွက်နိုင်သည့် လက်လှမ်းမီရာ Ad-hoc Stimulus များကို ဆောင်ရွက်ခြင်းထက် စနစ်ကျသည့် Policy Direction တစ်ခုရေးဆွဲပြီး အားလုံး ပူးပေါင်း ဆောင်ရွက်နိုင်မှသာ ပိုမိုထိရောက်မည် ဖြစ်သည့်အတွက် CERP ကို ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဒေါက်တာ ဆက်အောင်က ဆိုသည်။
ယင်းအချက်များအပြင် CERP မှာ Relief Plan သာဖြစ်သည့်အတွက် Short-term Action Plans များသာပါဝင်ပြီး HR Plan ၊ Agricultural Mechanization Plan ၊ Land Policy နှင့် Long-term Bond Plan များ မပါဝင်ခြင်းဖြစ်ပြီး CERP ရေးဆွဲသည့်အခါ လပိုင်းအတွင်း ဆောင်ရွက်နိုင်သည့် Action plans များကိုသာ ထည့်သွင်းခဲ့ပြီး အချိန်ယူဆောင်ရွက်ရမည့် Action Plans များကို Recovery plan ကျမှသာ ထည့်သွင်း ရေးဆွဲရန် လျာထားသည်ဟု သိရသည်။
“CERP ကို ရေးဆွဲတဲ့အခါ Action Plans တွေ မိုးပျံအောင် ထည့်ထားပြီး သက်ဆိုင်ရာဌာနတွေက အချိန်တိုအတွင်း မလုပ်နိုင်ရင် ဘယ်သူမှမယုံရတဲ့ Plans တွေ ဖြစ်သွားမှာ စိုးရိမ်ပါတယ်။ အဲဒါကြောင့် သက်ဆိုင်ရာ ဌာနများအားလုံးနဲ့ ညှိနှိုင်းပြီး သတ်မှတ်ချိန်အတွင်း အမှန်တကယ် ဆောင်ရွက်နိုင်တဲ့ Time-bound Action Plans တွေကိုသာ ထည့်သွင်းခဲ့ရတဲ့အတွက် လိုအပ်မှု အနည်းနဲ့အများ ရှိနိုင်ပါတယ်။ အဓိက အရေးထားတာကတော့ Implementable ဖြစ်တဲ့ Action Plans များဖြစ်စေဖို့ ဖြစ်ပါတယ်။ အများကြိုက် ငွေပမာဏအများဆုံး သုံးရမဲ့ Action Plans တွေအများကြီး ထည့်ချင်ပေမဲ့ Available Fiscal Space နဲ့ နှိုင်းယှဉ်ရပါတယ်။ ရရှိနိုင်မယ့် ပြည်ပ Development Assistance တွေနဲ့လည်း နှိုင်းယှဉ်ရပါတယ်။ ငွေအလုံအလောက်မရှိဘဲ ရမ်းပြီး အများကြိုက် Action Plans တွေ အားလုံးထည့်သွင်း ရေးဆွဲရင် ဘယ်သူမှ မယုံရတဲ့ Plans တွေဖြစ်သွားမှာ စိုးရိမ်ရပါတယ်။ အဲဒါကြောင့် CERP မှာပါတဲ့ Action Plans များကို အားမရသူများအား အထူးတောင်းပန်ပါတယ်” ဟု ဒေါက်တာ ဆက်အောင်က ဆိုသည်။
မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရာတွင် ကူညီရန် ပြည်ပချေးငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ မှ ဘီလျံ ၂၀၀ အထိ ရရှိနိုင်မည်ဟု အစိုးရက ထုတ်ပြန်ထားသည့် “အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း COVID-19 စီးပွားရေးကုစားမှုအစီအစဉ်” တွင် ဖော်ပြထားသည်။
ပုဂ္ဂလိက စီးပွားရေးကဏ္ဍအတွက် ရန်ပုံငွေကျပ် ဘီလျံ ၅၀၀ အထိ တိုးမြှင့်ရေး အပါအဝင် ရည်မှန်းချက် ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်းစီမံချက် ၃၆ ခု၊ လုပ်ငန်းစဉ် ၇၆ ခု ပါဝင်သော COVID-19 Economic Relief Plan ၏ ပန်းတိုင် (၇) COVID-19 တုံ့ပြန်မှုရန်ပုံငွေ သုံးစွဲနိုင်မှု မြှင့်တင်ခြင်း အစီအစဉ်တွင် ထိုသို့ဖော်ပြထားခြင်းဖြစ်ပြီး အဆိုပါ ချေးယူမှုကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခင်အစိုးရ လက်ထက်၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်မှ လက်ရှိအစိုးရ လက်ထက်၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ဇွန် ၃၀ ရက်အထိ ဘဏ္ဍာနှစ် ငါးနှစ်အတွင်း ပြည်တွင်းပြည်ပ ကြွေးမြီ ကျပ် ၁၁၂၇၁ ဘီလျံ မြင့်တက်ခဲ့မှုကြောင့် လက်ရှိအချိန်တွင် နိုင်ငံတော်၌ ပြည်တွင်းပြည်ပ ကြွေးမြီ ကျပ် ၃၉၂၄၁ ဘီလျံရှိနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က ထုတ်ပြန်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များမှ သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းပြည်ပ ကြွေးမြီများတွင် ဦးသိန်းစိန် လက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၉၉၃၈ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၆၃၃၅ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၀၈၂၄ ဘီ လျံ၊ ပြည်ပ ကြွေးမြီ ကျပ် ၇၃၀၁ ဘီလျံ၊ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၂၀၁၄ ဘီလျံ၊ ပြည်ပ ကြွေးမြီ ကျပ် ၉၅၆၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၂၄၈၇ ဘီ လျံ၊ ပြည်ပ ကြွေးမြီ မှာ ကျပ် ၉၅၄၅ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၅၇၂၄ ဘီလျံ၊ ပြည်ပ ကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလျံ တင်ရှိနေသည်။
လက်ရှိ NLD အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ဘီလျံ ၁၈၀၂၀၊ ပြည်ပ ကြွေးမြီ ကျပ် ၁၀၈၄၁ ဘီလျံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၂၀၇၂၅ ဘီလျံနှင့် ပြည်ပ ကြွေးမြီ ကျပ် ၁၃၉၇၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ စာရင်းများအရ ပြည်တွင်း ကြွေးမြီ ကျပ် ၂၂၂၈၇ ဘီလျံ နှင့် ပြည်ပ ကြွေးမြီ ကျပ် ၁၃၂၆၃ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်အထိ ပြည်ပ ကြွေးမြီ ကျပ် ၁၅၇၂၆ ဘီလျံနှင့် ပြည်တွင်း ကြွေးမြီ ကျပ် ၂၃၅၁၅ ဘီလျံ ဖြစ်သဖြင့် စုစုပေါင်း ကြွေးမြီ ကျပ် ၃၉၂၄၁ ဘီလျံ တင်ရှိနေခြင်းဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်မှ စတင်ရေတွက်ပါက ကြွေးမြီ ကျပ် ၁၁၂၇၁ ဘီလျံ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြွေးမြီများအတွက် ဘဏ္ဍာနှစ်အလိုက် အတိုးပေးငွေများ ပေးဆပ်ရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ပြည်တွင်း အတိုးပေးငွေ ကျပ် ၆၆၄ ဘီလျံကျော်နှင့် ပြည်ပအတိုးပေးငွေ ကျပ် ၂၀၂ ဘီလျံကျော် စုစုပေါင်း ကျပ် ၈၆၆ ဒသမ ၆၆၂ ဘီလျံကျော် ပေးဆပ်ခဲ့ရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်း အတိုးပေးငွေ ကျပ် ၈၅၂ ဘီလျံကျော်နှင့် ပြည်ပအတိုးပေးငွေ ကျပ် ၂၂၅ ဘီလျံကျော် စုစုပေါင်း ကျပ် ၁၀၇၇ ဒသမ ၆၇၀ ဘီလျံကျော် ပေးဆပ်ခဲ့ရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရှေ့ပြေးအမှန်စာရင်းအရ ပြည်တွင်း အတိုးပေးငွေ ကျပ် ၁၁၀၇ ဘီလျံကျော်နှင့် ပြည်ပ အတိုးပေးငွေ ကျပ် ၂၅၄ ဘီလျံကျော် စုစုပေါင်း ကျပ် ၁၃၆၁ ဒသမ ၈၉၅ ဘီလျံကျော် ပေးဆပ်ခဲ့ရကြောင်း သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ ပြည်တွင်း အတိုးပေးငွေ ကျပ် ၁၄၄၈ ဘီလျံကျော်နှင့် ပြည်ပ အတိုးပေးငွေ ကျပ် ၂၅၉ ဘီလျံကျော် စုစုပေါင်း ကျပ် ၁၇၀၈ ဒသမ ၀၃၃ ဘီလျံကျော် ပေးဆပ်ခဲ့ရကြောင်း သိရသည်။ ထို့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေအရ ပြည်တွင်း အတိုးပေးငွေ ကျပ် ၂၃၄၇ ဘီလျံကျော် နှင့် ပြည်ပအတိုးပေးငွေ ကျပ် ၂၃၅ ဘီလျံကျော် စုစုပေါင်း ကျပ် ၂၅၈၂ ဒသမ ၈၈၆ ဘီလျံကျော် ပေးဆပ်ရန် လျာထားခဲ့ရသည်။










