၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှု ယခင်နှစ်ကာလတူထက် တန်ချိန် ၁၈၀၀၀ ခန့် လျော့ကျခဲ့သည့်အတွက် ဝင်ငွေဒေါ်လာသန်း ၂၀ ကျော် လျော့ကျ

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှု ယခင်နှစ်ကာလတူထက် တန်ချိန် ၁၈၀၀၀ ခန့် လျော့ကျခဲ့သည့်အတွက် ဝင်ငွေဒေါ်လာသန်း ၂၀ ကျော် လျော့ကျ
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ ဇော်ဝင်းချစ်)
သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ ဇော်ဝင်းချစ်)
Published 14 May 2020
     ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှုသည် ယခင်နှစ် ကာလတူထက် တန်ချိန် ၁၈၀၀၀ ကျော် လျော့ကျခဲ့သည့်အတွက် ဝင်ငွေဒေါ်လာ သန်း ၂၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်း ဝန်ဦးခင်မောင်လွင်က ပြောကြားသည်။

“အခုလက်ရှိမှာ တန်ချိန်က တစ်သိန်း တစ်သောင်းလောက်ပို့ထားတာပေါ့။ တန်ဖိုးကတော့ ဒေါ်လာ ၁၃၈ သန်းရှိတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဉ်ရင် ဒေါ်လာ ၂၃ လောက်နည်းတဲ့အနေအထား တန်ချိန်ကလည်း တစ်သောင်းရှစ်ထောင်လောက်လျော့တယ်” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၃ ရက်အထိ ခုနစ်လခန့်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၁၁၀၀၀၀ တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၃၈ သန်းရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ရော်ဘာတန်ချိန် ၁၂၈၀၀၀ အထိ တင်ပို့ထားပြီး ဝင်ငွေ ဒေါ်လာ ၁၆၁ သန်းရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ရော်ဘာတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် ၁၈၀၀၀ လျော့ကျခဲ့ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၂၃ သန်းအထိ လျော့ကျခဲ့သည်။ 

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်း ဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံး စိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ငါးသိန်းနီးပါးရှိပြီး ကရင်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၂၇၀၀၀၀ နီးပါးရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးမှုမှာ ၁၆ သိန်းခန့်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန် စုစုပေါင်းနှစ်သိန်းခန့်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိပြီး အဓိကတင်ပို့နေသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး၊ ထုတ်လုပ်သူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာကို တရုတ်နိုင်ငံအပြင် ဒေသတွင်းနိုင်ငံများ၌ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့် နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင်သာမက ရော်ဘာစိုက်ဧကနှင့် ရော်ဘာအထွက်များသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ကြမ်းနှင့် ကုန်ချောထုတ်လုပ်နိုင်ရန် ရော်ဘာအထူးဇုန်များ ဖော်ဆောင်ပေးရန် မတ် ၇ ရက်က ပြုလုပ်သည့် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၅) ကြိမ်မြောက် အခမ်းအနားတွင် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး၊ ထုတ်လုပ်သူများအသင်းအတွင်းရေးမှူး ဦးခိုင်မြင့်က တင်ပြခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသို့တင်ပို့နေသော RSS မှိုင်းခံရော်ဘာများ၊ ရော်ဘာခြံများ(အထူးသဖြင့် ခြံငယ်များ)များမှ ထုတ်လုပ်ရာတွင် စက်ပစ္စည်း၊ အစေးခဲကန်၊ မှိုင်းခံများမရှိသဖြင့် ရော်ဘာအစိုပြားများ အထူးပြားများသာ ထုတ်လုပ်နေရပြီး ရောင်းချရာတွင်လည်း စျေးမရကြသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။