မြန်မာနိုင်ငံမှ ဆန်ရောင်းချပေးရန် နိုင်ငံအချို့က ကမ်းလှမ်းမှုများရှိကြောင်းနှင့် အခက်အခဲ တွေ့ကြုံရသည့် နိုင်ငံအပေါ် သင့်တင့်သည့်စျေးနှုန်းနှင့် အရည်အသွေးရှိသည့်ဆန်များ ရောင်းချပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံမှ ဆန်ရောင်းချပေးရန် နိုင်ငံအချို့က ကမ်းလှမ်းမှုများရှိကြောင်းနှင့် အခက်အခဲ တွေ့ကြုံရသည့် နိုင်ငံအပေါ် သင့်တင့်သည့်စျေးနှုန်းနှင့် အရည်အသွေးရှိသည့်ဆန်များ ရောင်းချပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 14 May 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံမှ ဆန်များရောင်းချပေးရန် အချို့နိုင်ငံများက ကမ်းလှမ်းမှုများရှိကြောင်းနှင့် အခက်အခဲ ကြုံတွေ့ရသည့် နိုင်ငံအပေါ် သင့်တင့်သည့် စျေးနှုန်းနှင့် အရည်အသွေး ရှိသည့်ဆန်များ ရောင်းချပေးစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မေ ၁၃ ရက်က ပြုလုပ်သည့် ဆန်နှင့် ပဲမျိုးစုံ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးရေးရာသီအမီ သွင်းအားစု ဓာတ်မြေသြဇာပိုးသက်ဆေးများ လွယ်ကူလျှင်မြန်စွာ တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အချို့နိုင်ငံများမှ ဆန်ရောင်းချပေးရန် ပြောကြားမှုများရှိပါကြောင်း၊ ထို့ပြင် ဆန်ပြည်ပသို့ တင်ပို့ရောင်းချရာတွင် သင့်လျော်သည့် စျေးကွက်စျေးနှုန်းဖြစ်စေရန် လိုအပ်ပါကြောင်း၊ အခက်အခဲတွေ့ကြုံရသည့် နိုင်ငံများအပေါ်တွင် သင့်တင့်သည့် စျေးနှုန်းနှင့် ကောင်းမွန်သည့်အရည်သွေးရှိသည့် ဆန်များ ရောင်းချစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပဲမျိုးစုံပြည်ပတင်ပို့ရာတွင် အပင်ပိုးမွှားရောဂါ Certificate အခက်အခဲများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခက်အခဲများကို စုပေါင်းဖြေရှင်း၍ ကျော်လွှားဆောင်ရွက်သွားမည်ဖြစ်၍ COVID-19 အလွန်ကာလတွင် နိုင်ငံစီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အကြံဉာဏ်များ ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု နှစ်ခုစလုံးမှတင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျှက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၅၀၀ ကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာ ၉၃ သန်းပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၇ သန်းအထိ တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၅၀၃  သန်းရရှိ ထားသည်။

“ဒီနှစ်မှာ တန်ချိန် ၁ ဒသမ ၇ သန်းအထိ တင်ပို့ပြီးပြီ မနှစ်က ကာလတူထက် တန်ချိန် လေးသိန်းကျော်လောက် ပိုတယ်။ တန်ဖိုးကတော့ ၉၃ သန်း ပိုရထားတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

COVID-19 ကာလအတွင်း ဆန်နှင့်ဆန်ကွဲ ပို့ကုန်လိုင်စင်အတွက် လစဉ်ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန်ငါးသောင်း စုစုပေါင်းတန်ချိန် တစ်သိန်းခွဲအထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဧပြီ ၂၄ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိ မေလအတွင်း ပြည်ပတင်ပို့မည့် ဆန်နှင့်ဆန်ကွဲတန်ချိန်တစ်သိန်းခွဲအား ပင်လယ်ရေကြောင်းမှ ကုမ္ပဏီ ၁၁၂ ခုနှင့် နယ်စပ်လမ်းကြောင်းမှ ကုမ္ပဏီ ၂၀၀ ခန့် စုစုပေါင်းကုမ္ပဏီ ၃၀၀ ကျော်တို့က သတ်မှတ်ခွဲဝေထားသော ပမာဏအတိုင်းတင်ပို့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းခွဲခန့်အထိ တင်ပို့နိုင်မည့် အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။