ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ ၁၁ မြို့နယ်ကို စက်မှုဇုန် တည်ထောင်နိုင်ရန် ကြိုးပမ်းနေပြီး လှည်းကူးစက်မှုဇုန် တည်ထောင်နိုင်ရေး စင်ကာပူနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ ၁၁ မြို့နယ်ကို စက်မှုဇုန် တည်ထောင်နိုင်ရန် ကြိုးပမ်းနေပြီး လှည်းကူးစက်မှုဇုန် တည်ထောင်နိုင်ရေး စင်ကာပူနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
လှည်းကူးမြို့နယ်တွင် လုပ်ဆောင်မည့် ECO Green City စီမံကိန်းကို တွေ့ရစဉ် (Photo: ECO Green City)
လှည်းကူးမြို့နယ်တွင် လုပ်ဆောင်မည့် ECO Green City စီမံကိန်းကို တွေ့ရစဉ် (Photo: ECO Green City)
Published 14 May 2020

ရန်ကုန်တိုင်းဒေသကြီးတွင် စည်ပင်သာယာနယ်နိမိတ်ပြင်ပ၌ မြို့နယ် ၁၂ မြို့နယ် ရှိသည့်အနက် ကိုကိုးကျွန်းမြို့နယ်မှအပ အခြားမြို့နယ် ၁၁ မြို့နယ်ကို စက်မှုဇုန်များ ထူထောင်ရန် ကြိုးပမ်းနေပြီး လှည်းကူးစက်မှုဇုန် တည်ဆောက်နိုင်ရေးအတွက် စင်ကာပူနိုင်ငံနှင့်ပူးပေါင်း၍ ကြိုးစားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်မြို့ဟာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ပြည်တွင်းစက်မှုဇုန် ၂၉ ခု စက်မှုဇုန်ပေါင်း ၃၀ ခန့်ရှိပါတယ်။ ဒီစက်မှုဇုန်တွေကို အဆင့်မြှင့်တင်မှု တစ်ဖက်ကနေ ဆောင်ရွက်သလို နောက်ထပ် စက်မှုဇုန်အသစ်တွေကို တည်ဆောက်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ လက်ရှိ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းပြီး Yangon Amata Smart and Eco City စက်မှုဇုန်တစ်ခုကို ဒဂုံအရှေ့ဘက်မှာ တည်ဆောက်ဖို့အတွက် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ မကြာခင်မှာ ပန္နက်ရိုက်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေပါတယ်။ နောက်ပြီး ကိုရီးယား-မြန်မာ စီးပွားရေးဇုန် (Korea-Myanmar Industrial Complex) တစ်ခုကို ညောင်နှစ်ပင်မှာ ပန္နက်ရိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင် တည်ဆောက်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေသလို အမြန်လမ်း လေးမိုင်မှာ Eco Green City ကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒါဟာ ရန်ကုန်မြို့ကို ဝင်လာတဲ့နေရာမှာ လှပသာယာတဲ့ မြို့တော်ရဲ့ အင်္ဂါရပ်တွေကို မြင်တွေ့နိုင်တဲ့ မြို့ပြအသစ်တွေကို စနစ်တကျ တည်ဆောက်နေပါတယ်။ ရန်ကုန်ရဲ့ စည်ပင်သာယာနယ်နိမိတ် ပြင်ပမှာ ၁၂ မြို့နယ် ရှိပါတယ်။ ကိုကိုးကျွန်းက သီးခြားကျွန်းအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုကိုးကျွန်းကို ၂၄ နာရီ မီးပေးနိုင်ဖို့နဲ့ ခရီးသွားလာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေသလို စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှာရှိနေတဲ့ အခြားမြို့နယ် ၁၁ မြို့နယ်ကို စက်မှုဇုန်တွေ ထူထောင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ လှည်းကူးစက်မှုဇုန် တည်ဆောက်နိုင်ဖို့အတွက် စင်ကာပူနိုင်ငံနဲ့ ပူးပေါင်းပြီး ကြိုးစား ဆောင်ရွက်နေပါတယ်။ ထန်းတပင်မြို့နယ်မှာ စက်မှုဇုန် တည်ဆောက်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုချက်ရယူထားပြီး ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပြီး ရှေ့ဆက် တည်ဆောက်ရေးကဏ္ဍတွေမှာ ဆောင်ရွက်သွားဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်”ဟု လက်ရှိအစိုးရ စတုတ္တနှစ်သက်တမ်းအတွင်း ရန်ကုန်တိုင်းအစိုးရ၏ ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်အသစ်များ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုအပြင် စက်မှုဇုန်များ အဆင့်မြှင့်တင်နိုင်ရေးအတွက် စက်မှုဇုန် အဆင့်မြှင့်တင်မှု ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခြင်းများ လုပ်ဆောင်နေသည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြုပြင်ပြောင်းလဲလိုက်သည့်အတွက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီကိုဖွဲ့စည်းကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ရေးအတွက် ကြိုးစား ဆောင်ရွက်နေကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောကြားသည်။

“တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ အမေရိကန်ဒေါ်လာ ငါးသန်းနဲ့ အမေရိကန်ဒေါ်လာ ငါးသန်းအောက် လုပ်ငန်းတွေ ခွင့်ပြုနိုင်ခွင့် ရလာပြီဖြစ်တဲ့အတွက် ပိုမိုမြန်ဆန်တဲ့ ဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထည်ချုပ်လုပ်ငန်းလိုမျိုး အလုပ်သမားအများစု အလုပ်ပေးနိုင်တဲ့ ကဏ္ဍနယ်ပယ်တွေကို ပိုပြီးတိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်များကိုပါ ဆောင်ရွက်ခဲ့ပြီး၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ် ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်များအပြင် ၂၀၂၀ ပြည့်နှစ် ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကိုပါ  ဆက်လက် ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။