လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၄၂၀ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၆၀ ကျော် ပိုမိုရရှိထား

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၄၂၀ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၆၀ ကျော် ပိုမိုရရှိထား
မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ကျောက်စိမ်းအရိုင်းနှင့် ကျောက်မျက်ရတနာ အရောင်းပြပွဲတစ်ခုကို  တွေ့ရစဉ် (ဓာတ်ပုံ- လဲ့လဲ့အောင်)
မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ကျောက်စိမ်းအရိုင်းနှင့် ကျောက်မျက်ရတနာ အရောင်းပြပွဲတစ်ခုကို  တွေ့ရစဉ် (ဓာတ်ပုံ- လဲ့လဲ့အောင်)
Published 12 May 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ သန်း ၄၂၀ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၆၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ဒေါ်လာသန်း  ၄၂၀ ရှိသည်။

“ကျောက်စိမ်းက ဒီဘဏ္ဍာနှစ်အတွင်း တင်ပို့ထားတာက ဒေါ်လာသန်း ၄၂၀ ရှိတယ်။ ယခင်ကာလတူနဲ့ ယှဉ်ရင်တော့ ဒေါ်လာ ၁၆၂ သန်းပိုတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ယခင်နှစ် ကာလတူထက် ဝင်ငွေဒေါ်လာ ၁၆၂ သန်းအထိ ပိုမိုရရှိထားသည်။

ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုများသည့် ကာလများတွင်  ပြည်ပသို့ ကျောက်စိမ်းပိုမိုတင်ပို့နိုင်ပြီး ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုနည်းသည့် ကာလများတွင် ကျောက်စိမ်းတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။

“အဓိကကျောက်စိမ်းကတော့ ပြပွဲတွေနဲ့ ဆိုင်တာပေါ့။ ပြပွဲလုပ်ပြီးရောင်းတာ ဆိုတော့ ပြပွဲများများလုပ်လေ တင်ပို့မှုပိုလာလေပဲ။ ပြပွဲလုပ်တာနည်းရင်လျော့တာပေါ့” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားထားသည်။

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအရိုင်းထည်များကို အထူးကုန်စည်ခွန်  ၁၅ ရာခိုင်နှုန်း၊ စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ သိရသည်။

စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ၊ စိန်နှင့်မြမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များကို အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရမည့် ကျောက်မျက်ရတနာများ ရောင်းရငွေအပေါ် ကျသင့်အထူးကုန်စည်ခွန်ကို ၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ကောက်ခံခဲ့ကြောင်း သိရသည်။

အရောင်းပြေစာစာအုပ်Cash Memo ဖြင့် ရောင်းချရာတွင် ငွေသားလက်ခံခြင်းအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားငွေဖြင့် ရောင်းချပါက ပြည်ပရှိ ဘဏ်များမှထုတ်ဝေသည့် Visa, Master, JCB, CUP အစရှိသည့် Debit/ Credit Card တို့ဖြင့်သာ လက်ခံဆောင်ရွက်ရမည်၊ ဝယ်ယူသူ၏အမည်၊ Passport နံပါတ်နှင့်  ငွေသားအသုံးပြု ကတ်နံပါတ်တို့ကို သိသာထင်ရှားစွာ ဖြည့်သွင်းဆောင်ရွက်ရမည်၊ လက်ခံရောင်းချသည့် ကတ်အမျိုးအစား Visa, Master, JCB, CUP ကို နောက်ဆက်တွဲ(ခ)ပါ ပုံစံအတိုင်း ရှင်းလင်းစွာ ဖော်ပြရမည်၊ အဆိုပါလုပ်ငန်းစဉ်များအပြင် အခါအားလျော်စွာ ထုတ်ပြန်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။                                       

 

Most Read

Most Recent