မြန်မာအထည်ချုပ်စက်ရုံ နှစ်ရုံမှ ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ PPE များကို COVID-19 ရောဂါကာကွယ်ရန်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုကို အားပေးရန် ဒိန်းမတ်က မှာယူ

မြန်မာအထည်ချုပ်စက်ရုံ နှစ်ရုံမှ ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ PPE များကို COVID-19 ရောဂါကာကွယ်ရန်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုကို အားပေးရန် ဒိန်းမတ်က မှာယူ
ရန်ကုန်မြို့အတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့အတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 9 May 2020
နီလာ

မြန်မာအထည်ချုပ်စက်ရုံ နှစ်ခုမှ COVID-19 ရောဂါကာကွယ်ရေးပစ္စည်း ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ PPE များကို COVID-19 ရောဂါကာကွယ်ရန်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုကို အားပေးရန်  ဒိန်းမတ်အစိုးရက မှာယူခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ထုတ်ပြန်ထားသည်။

အဝတ်အထည်များအစား တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးပစ္စည်းများ (PPE) ဖြစ်သည့် ဆေးရုံဆေးခန်းသုံးပါးစပ်နှင့် နှာခေါင်းစည်းနှင့် ရောဂါကာကွယ်ရေးဝတ်စုံများကို စတင်ပြောင်းလဲချုပ်လုပ်ရန် ပြင်ဆင်နေသည့် ပြည်တွင်းအထည်ချုပ်စက်ရုံ နှစ်ရုံကို ကူညီထောက်ပံ့သည့်အနေဖြင့် ဒိန်းမတ်အစိုးရက ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ PPE ပစ္စည်းများ မှာယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ရောဂါကာကွယ်တိုက်ဖျက်ဖို့အတွက် PPE တွေကို ပြည်တွင်းမှာတင် ထုတ်လုပ်မှုကို အားပေးဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးရတော့မယ့် အဓိကအားဖြင့် အမျိုးသမီး အလုပ်သမားတွေ အလုပ်အကိုင်ဆက်ရှိဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး မစ္စတာဂျွန်နေ (လ်) ဆင်က ပြောကြားသည်။

အထည်ချုပ် (CMP) ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆတိုးတက်လာခဲ့ပြီး ယခုနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ် စတင်တာဝန်ယူချိန်၌ အထည်ချုပ် (CMP) ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်ကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင်ခဲ့သည်။

အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း အထည်ချုပ်လုပ်ငန်း (CMP) ထုတ်လုပ်မှုတန်ဖိုး ၁၀ ဆတိုးတက်လာပြီး လက်ရှိအစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာ ငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့် အခြေအနေများရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိတွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမား ခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးနိုင်ခဲ့ကြောင်း၊ ယင်းအနက် ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၂၇ ရက်အထိ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၂ ဒသ မ ၃၆၆ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀၀ ကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်တွင်း CMP လုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်းသည် အများဆုံးဖြစ်သည်။ လက်ရှိအချိန်တွင်လည်း CMP ပို့ကုန်များမှာ  နှစ်စဉ်တိုးတက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ ပုံမှန်ကလည်း CMP လုပ်ငန်းတွေက တောက်လျှောက် တိုးတက်နေတယ်။ နှစ်စဉ် နှစ်စဉ် တိုးတက်နေတဲ့ အခြေအနေမှာ ရှိတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း ၂၀၁၉ ခုနှစ် မေ ၁၁ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ပဥ္စမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေး၌ အသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

Most Read