၂၀၁၈ ခုနှစ် စက်တင်ဘာမှစ၍ ၁၆ ပွဲအတွက်ရရှိမည့် ပွဲကစားကြေးကို အင်္ဂလန်လက်ရွေးစင်အသင်း လှူဒါန်းမည်

၂၀၁၈ ခုနှစ် စက်တင်ဘာမှစ၍ ၁၆ ပွဲအတွက်ရရှိမည့် ပွဲကစားကြေးကို အင်္ဂလန်လက်ရွေးစင်အသင်း လှူဒါန်းမည်
Published 7 May 2020

အင်္ဂလန်လက်ရွေးစင်အမျိုးသားအသင်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာမှစ၍ ၁၆ ပွဲ အတွက်ရရှိမည့် ပွဲကစားကြေးကို ဗြိတိန်အမျိုးသားကျန်းမာရေးဌာန(NHS)အတွက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် ပရီးမီးယားလိဂ်ကစားသမားများ လုပ်ဆောင်နေသည့် #PlayerTogether ရန်ပုံငွေအစီအစဉ်မှတစ်ဆင့် NHS Charities Together အတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း မေ ၅ ရက် ညပိုင်းတွင် Twitter မှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

''FA (အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်) နဲ့ အပြုသဘောဆွေးနွေးပြီးနောက် အင်္ဂလန်စီနီယာအမျိုးသားအသင်းအနေနဲ့ နိုင်ငံတကာပွဲကစားကြေးကို #PlayerTogether ကတစ်ဆင့် NHS Charities Together  အတွက် လှူဒါန်းသွားမှာဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးလိုပါတယ်။ ဒီလှူ ဒါန်းမှုဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာကစပြီး စုဆောင်းထားတဲ့ ပွဲကစားကြေးတွေဖြစ်ပြီး သင့်လျော်တဲ့အကြောင်းကိစ္စတွေကို ထောက်ပံ့ဖို့ သီးသန့်ဖယ်ထားတဲ့ ရန်ပုံငွေကနေ ရယူသွားမှာဖြစ်ပါတယ်။ #PlayerTogether အတွက် ကူညီပံ့ပိုးပေးတဲ့ FA ကိုလည်း ကျေးဇူးတင်ရှိပါတယ်''ဟု အင်္ဂလန်အသင်းက ထုတ်ပြန်ခဲ့သည်။

အင်္ဂလန်အသင်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ UEFA Nations League ပြိုင်ပွဲ၊ ယူရို-၂၀၂၀ ခြေစစ်ပွဲနှင့် ခြေစမ်းပွဲများကစားခဲ့ရာ ၁၁ ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံးနိမ့်ခဲ့သည်။

ထို့ပြင် အင်္ဂလန်လက်ရွေးစင်အမျိုးသမီးအသင်း၊ စကော့တလန်လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ကလည်း NHS အတွက် ပါဝင်လှူဒါန်းမည်ဖြစ် ကြောင်း ကြေညာခဲ့သည်။

 

 

Most Read

Most Recent