အဆိုတော် မီးနိုနှင့် တွေ့ဆုံခြင်း

အဆိုတော် မီးနိုနှင့် တွေ့ဆုံခြင်း
Published 6 May 2020
စုမှူးနိုင်

Galaxy Star အဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိခဲ့သူဖြစ်သလို ဂီတအနုပညာနယ်ပယ်မှာ ဆွဲဆောင်မှုရှိတဲ့ အသံနဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူ လူငယ်အဆိုတော်တစ်ဦးကတော့ မီးနိုပါ။ ပြိုင်ပွဲလို့အမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးစီးရီး ထွက်ရှိထားသလို ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ဇာတ်ကားတွေရဲ့ ပရိသတ်ရင်ထဲကိုရောက်ရှိစေတဲ့ ဇာတ်ဝင်တေးသီချင်းတွေကို သီဆိုခဲ့သူတစ်ဦးလည်းဖြစ်တဲ့ မီးနိုရဲ့ ဂီတအနုပညာ လှုပ်ရှားမှုတွေ ကြိုးစားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - လက်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်က မီးနိုရဲ့ အနုပညာလှုပ်ရှားမှုတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိစေလဲ။

ဖြေ- အခုချိန်ကတော့ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးဖြစ်နေတာလေ။ ကိုယ်လည်း ပွဲတွေအားလုံး ရပ်သွားတာပေါ့။ နောက်ပြီး ဒုတိယမြောက် တစ်ကိုယ်တော်စီးရီးအတွက် ပြင်ဆင်နေတာတွေလည်း အခုတော့ ဘာမှဆက်လုပ်လို့မရပဲ ရပ်ထားတယ်။ ဒီကာလမှာတော့ အိမ်မှာပဲ Stay Home ပေါ့။

မေး- Stay Home ကာလအတွင်း မီနိုလုပ်ဖြစ်နေတာတွေက ဘာတွေဖြစ်မလဲ။

ဖြေ- အခုအချိန်မှာ Stay Home ရင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပိုပြီး ကြည့်ဖြစ်တယ်။ အများဆုံး ကြည့်ဖြစ်တာတော့ သရဲဇာတ်ကားတွေနဲ့ ရှေးဟောင်းဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ မုန့်တွေစားတယ်။ အိမ်မှာပဲနေဖြစ်တော့ မီးနိုမွေးထားတဲ့ အိန်ဂျယ်နဲ့ မိုက်ကယ်ဆိုတဲ့ ခွေးလေးနှစ်ကောင်ကို အချိန်ပိုပေးဖြစ်တယ်။ နောက်ပြီး အိမ်မှာပဲ Zumba ကဖြစ်တယ်။ နောက်ပြီး မီးနိုရဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို အွန်လိုင်းတင်ဖို့တော့ ကြိုးစားနေပါတယ်။

မေး- ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ဇာတ်ကားတွေမှာ ဇာတ်ဝင်သီချင်းတွေဆိုဖြစ်တဲ့ အကြောင်းလေးကိုလည်း ပြောပြပေးပါဦး။

ဖြေ- အမှန်တော့ မီးနိုရဲ့ “အနှောင်အဖွဲ့” သီချင်းလေးက Galaxy Star ပြိုင်ကတည်းက ထွက်ထားတဲ့ သီချင်းလေးတွေပါ။ အဲဒီသီချင်းလေးကို ဒါရိုက်တာကိုသားညီက ကြိုက်လို့ “အကြင်နာမြစ်ဖျား” ရုပ်သံဇာတ်လမ်းတွဲမှာစပြီး ယူသုံးဖြစ်တယ်။ နောက်ပြီး “ချည်” ဇာတ်ကားမှာ အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ကိုနောင်နောင်တို့ကလည်း မီးနိုရဲ့ သီချင်းလေးကိုပဲ ယူသုံးထားတဲ့အတွက် ပရိသတ်တွေက ပိုပြီး သတိထားမိသွားတာပါ။ ကိုယ်တိုင်ကတော့ ဇာတ်ဝင်တေးသီချင်းတွေကို သီးသန့်ဆိုဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ မီးနိုးသီချင်းလေးတွေကို ဇာတ်လမ်းတွေထဲမှာ ထည့်သုံးဖြစ်သွားကြတာပါ။ နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားအတွက် မီးနိုရဲ့ “မျှော်လင့်ရင်းနဲ့” သီချင်းလေးကို ဇာတ်ဝင်တေးအဖြစ် အသုံးပြုဖို့ ဝယ်ထားတာရှိပါတယ်။ နောက်ထပ်လည်း ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေမှာ မီးနိုရဲ့ သီချင်းလေးတွေကို ပရိသတ်တွေက နားဆင်ရဦးမှာပါ။ အဲဒီအခါကျရင်လည်း အားပေးပါလို့ ပြောချင်ပါတယ်။

မေး- ဇာတ်ဝင်တေးသီချင်းတွေအဖြစ် ကိုယ့်ရဲ့သီချင်းတွေက ပရိသတ်တွေပိုပြီး နှစ်သက်အားပေးကြတဲ့အပေါ် ခံစားချက်ကရော ဘယ်လိုရှိလဲ။

ဖြေ- တကယ်တော့လည်း ဇာတ်ဝင်တေးသီချင်းဆိုရတယ်ဆိုတာက ကိုယ်ပါဝင်ချင်တိုင်း ပါဝင်သီဆိုလို့ ရတာမျိုးမဟုတ်ဘူးလေ။ သူ့အချိန်အခါနဲ့သူ ဖြစ်လာတာရှိသလို သူ့ကံနဲ့သူ ဖြစ်လာတာလည်း ရှိတယ်လို့ ထင်ပါတယ်။ မီးနိုဆိုရင်လည်း ကိုယ်တိုင်က နှစ်ချီပြီး ကြိုးစားခဲ့ရတာပဲ။ အဲဒီလိုကြိုးစားခဲ့တဲ့အတွက်ကြောင့်ရော အချိန်အရ ကံစန်းပွင့်လာတဲ့အခါနဲ့ ကြုံသွားတော့ အဲဒီဘက်မှာ ပိုပြီးအောင်မြင်လာတာမျိုးပါ။ Media 7 က ကိုရွှေမန်းရဲ့ ကမ်းလှမ်းမှုတွေကြောင့်လည်း ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေမှာ ဇာတ်ဝင်တေးတွေပိုပြီး ပါဝင်ခွင့်ရလာတာပါ။ အဲဒီအတွက်လည်း ပီတိဖြစ်ရပါတယ်။

 

မေး- ပရိသတ်တွေကြားမှာ အောင်မြင်မှုရပြီး လူကြိုက်များခဲ့တဲ့ “အနှောင်အဖွဲ့” သီချင်းလေးနဲ့ပတ်သက်တဲ့ အမှတ်တရတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ- “အနှောင်အဖွဲ့” သီချင်းနဲ့ပတ်သက်တဲ့ အမှတ်တရကတော့ အသံသွင်းချိန်မှာကတည်းက ငိုခဲ့ရတယ်။ အဲဒီသီချင်းလေးက လူ့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အဖြစ်မျိုးတွေလည်းဖြစ်သလို တေးရေးရဲ့ ခံစားချက်အစစ်လည်း ဖြစ်တယ်။ အဲဒီလိုပဲ မီးနိုကိုယ်တိုင်ရဲ့ ခံစားချက်အစစ်လည်း ဖြစ်တဲ့အတွက် ငိုမိခဲ့တာပါ။ “အနှောင်အဖွဲ့” သီချင်းလေးက မီးနိုကိုယ်တိုင်အတွက်လည်း တော်တော်များများ တိုက်ဆိုင်မှုတွေရှိသလို အရမ်းခံစားရတယ်။ အဲဒီလိုပဲ မိန်းကလေးပရိသတ်တွေ အတော်များများအတွက်လည်း တိုက်ဆိုင်မှုလေးတွေ ရှိမယ်လို့ ထင်ပါတယ်။ မီးနိုကိုယ်တိုင်လည်း အသဲကွဲဖူးသလို အသဲမကွဲဖူးတဲ့သူဆိုတာလည်း ရှိမယ်တော့ မထင်ပါဘူး။

မေး- ပရိသတ်တွေအတွက် မီးနိုပြင်ဆင်နေတဲ့ သီချင်းသစ်တွေရှိလား၊  ဘယ်တော့လောက် နားဆင်ခွင့်ရမလဲ။

ဖြေ- မီးနိုဆီမှာ သီချင်းသစ်လေးတွေကတော့ အများကြီးရှိပါတယ်။ အဲဒီအတွက်လည်း ဒုတိယမြောက် တစ်ကိုယ်တော်စီးရီးကိုလည်း ပြင်ဆင်ဖြစ်နေပါတယ်။ နောက်ထပ်လည်း ဒုတိယခွေမထွက်ခင်မှာ ပရိသတ်တွေဆီကို အရောက်ပို့ချင်တဲ့ သီချင်းလေးတွေ စီစဉ်ထားတာလည်း ရှိပါတယ်။ သီချင်းတိုင်းကိုလည်း ပရိသတ်တွေရင်ထဲကို တကယ်ရောက်ရှိစေတဲ့ သီချင်းကောင်းလေးတွေဖြစ်အောင် ကြိုးစားနေပါတယ်။               

 

 

 

Most Read

Most Recent