ဘူးရွှေမော်ကျေးရွာ COVID-19 ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌကို AA အဖွဲ့က အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်

ဘူးရွှေမော်ကျေးရွာ COVID-19 ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌကို AA အဖွဲ့က အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်
Published 6 May 2020

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာနေ COVID-19 ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေအား မေ ၅ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က ကျေးရွာ၏ အနောက်ဘက် လမုချောင်းဘက်သို့ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက မေ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အသက် ၅၂ နှစ်အရွယ်ရှိ ဦးသန်းရွှေသည် ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ အိပ်နေကြစဉ် မေ ၅ ရက် နံနက် ၁ နာရီခွဲခန့်တွင် ဓားများကိုယ်စီကိုင်ထားသည့် AA အဖွဲ့ဝင်များက နေအိမ်ခြံစည်းရိုးတံခါးအား ဖျက်ဆီးဝင်ရောက်လာကာ ဦးသန်းရွှေအား ကျေးရွာ၏အနောက်ဘက် လမုချောင်းဘက်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဦးသန်းရွှေသည် ကျေးရွာ၌ ရိုးသားစွာ ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း ကျေးရွာ COVID-19 ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

AA အဖွဲ့အနေဖြင့် လုံခြုံရေးစခန်းများ၊ ရဲကင်းစခန်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များအသွင်၊ အရပ်သားများအသွင်ဖြင့် အယောင်ဆောင်ကာ အလစ်အငိုက်ချောင်း မြောင်းတိုက်ခိုက်ခြင်း၊ ဒေသအတွင်း အေးချမ်းစွာ နေထိုင်လုပ်ကိုင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား ယခုကဲ့သို့ မကြာခဏ ဖမ်းဆီးခေါ်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent