ဂျူဗင်တပ်စ်အသင်းသို့ စီရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာပြီး လေ့ကျင့်မှုများမပြုလုပ်မီ ၁၄ ရက်ကြာ Quarantine ဝင်ရမည်

ဂျူဗင်တပ်စ်အသင်းသို့ စီရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာပြီး လေ့ကျင့်မှုများမပြုလုပ်မီ ၁၄ ရက်ကြာ Quarantine ဝင်ရမည်
Photos: Cristiano Ronaldo Facebook
Photos: Cristiano Ronaldo Facebook
Published 6 May 2020

စီရော်နယ်လ်ဒိုအနေဖြင့် အသင်းလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်နိုင်ဦးမည်မဟုတ်ဘဲ အီတလီနိုင်ငံဥပဒေအရ ၁၄ ရက်ကြာ Quarantine နေရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုအနေဖြင့် လာမည့်မေလ ၁၈ ရက်တွင်မှ အသင်း လေ့ကျင့်ရေးစင်တာတွင် လေ့ကျင့်နိုင်မည် ဖြစ်သည်ဟု Goal.com က ဖော်ပြခဲ့သည်။

 

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသင်းတည်ရှိရာ အီတလီနိုင်ငံ၊ တူရင်မြို့သို့  ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၎င်းမှာ မွေးရပ်မြေဖြစ်သည့် ပေါ်တူဂီနိုင်ငံ၊ မက်ဒဲရားတွင် ကပ်ဘေးရှောင်သည့်အနေဖြင့် နှစ်လနီးပါး နေထိုင်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် စီရော်နယ်လ်ဒိုအနေဖြင့် အသင်းလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်နိုင်ဦးမည်မဟုတ်ဘဲ အီတလီနိုင်ငံဥပဒေအရ ၁၄ ရက်ကြာ Quarantine နေရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုအနေဖြင့် လာမည့်မေလ ၁၈ ရက်တွင်မှ အသင်း လေ့ကျင့်ရေးစင်တာတွင် လေ့ကျင့်နိုင်မည် ဖြစ်သည်ဟု Goal.com က ဖော်ပြခဲ့သည်။ အဆိုပါရက်မှာ စီးရီးအေကလပ်အသင်းများ ကို လေ့ကျင့်ခန်းဆင်းခွင့်ပြုရန် အစောပိုင်းက သတ်မှတ်ထားသည့်ရက်ဖြစ်ကြောင်း သိရသည်။ 

သို့သော် အီတလီအစိုးရသည် နိုင်ငံအဝှမ်းချမှတ်ထားသည့် Lockdown စည်းမျဉ်းကို မေလ ၄ ရက်တွင် နေရာဒေသအများအပြား၌ ဖြေလျှော့ပေးခဲ့ပြီးနောက် လေ့ကျင့်ရေးစင်တာများမှာလည်း ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် ဗိုင်းရပ်စ်အခြေအနေဆိုးရွားမှုကြောင့် အီတလီနိုင်ငံမှ ထွက်ခွာသွားခဲ့သည့် ပြည်ပကစားသမားများကို အသင်းသို့ပြန်လာရန် မေလ ၃ ရက်ကတည်းက အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ကစားသမားများအနေဖြင့် အီတလီနိုင်ငံသို့ ပြန်ရောက်သည့်နေ့မှစတင်ကာ နှစ်ပတ်ကြာ Quarantine ဝင်ရမည်ဖြစ်ပြီး စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစုမှာ ဂျူဗင်တပ်စ်အသင်းမှ အကြောင်းကြားအပြီး နောက်တစ်ရက်တွင် အီတလီသို့ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒို၏အသင်းဖော်အများအပြားမှာ ဂျူဗင်တပ်စ်အသင်းလေ့ကျင့်ရေးစင်တာတွင် ဗိုင်းရပ်စစ်ဆေးမှု ခံယူခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။ စစ်ဆေးမှု ခံယူသည့်ကစားသမားစာရင်းတွင် ရမ်ဆေး၊ ဘာနာဒက်ခီ၊ ကွာဒရာဒိုနှင့် ဒီမီရယ်လ်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။ ဂျူဗင်တပ်စ်သည် ပြီးခဲ့သည့်အင်္ဂါနေ့က လေ့ကျင့်ရေးအစီအစဉ် စတင်ခဲ့ပြီး Social Distancing စည်းမျဉ်းများနှင့်ကိုက်ညီစွာ သီးခြားလေ့ကျင့်မှုများသာ ပြုလုပ်ခဲ့သည်။ အစောပိုင်းကာလက အသင်းငယ်အချို့မှ ပြိုင်ပွဲဖျက်သိမ်းရန် တောင်းဆိုမှုများရှိခဲ့သော်လည်း မကြာသေးမီကမဲပေးမှုတွင် စီးရီးအေကလပ် အသင်း ၂၀ စလုံးက ပြိုင်ပွဲအား ပြန်လည်ကစားရန် တညီတညွတ်တည်း ထောက်ခံမဲပေးခဲ့ကြသည်။ စီးရီးအေအသင်းများအနေဖြင့် လေ့ကျင့်ခန်းပြန်ဆင်းခွင့်ရရှိခဲ့သော်လည်း ပြိုင်ပွဲပြန်လည်စတင်မည့်အခြေအနေနှင့် ပတ်သက်ပြီး တိကျသည့်အဖြေကို မရရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent