နေပြည်တော် အမှတ် (၂) တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှ စောင့်ကြည့်လူနာတစ်ဦး အပါအဝင် ခြောက်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး အတည်ပြုလူနာ ၁၆၁ ဦး ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေ ၄ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်အရ သိရသည်။
မေလ ၄ ရက် ညနေပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမ + ဒုတိယအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၅၂) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၁၉) ခု၊ စုစုပေါင်း (၂၇၁) ခုတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅) ဦး တွေ့ရှိခဲ့ပြီး နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) ဓာတ်ခွဲဌာနမှ ဓာတ်ခွဲအတည်ပြု လူနာသစ် တစ်ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များဖြစ်သည့် (Case – 51, 99, 103, 104, 105 နှင့် 109) (၆) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိခဲ့ခြင်းကြောင့် မေလ ၄ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိသူ စုစုပေါင်း (၄၉) ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီ ၄ ရက်နေ့အတွက် ဓာတ်ခွဲအဖြေသတင်းများ ထပ်မံထုတ်ပြန်ရန်မရှိတော့ကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။















