ပရီးမီးယားလိဂ်တွင် ပြိုင်ပွဲဖျက်သိမ်းသည်အစဉ်အလာ မဖြစ်ပေါ်စေရန် ထိပ်တန်းကလပ်များ အလိုရှိနေပြီး လာမည့်ရာသီအတွက်ပါ စိုးရိမ်နေ

ပရီးမီးယားလိဂ်တွင် ပြိုင်ပွဲဖျက်သိမ်းသည်အစဉ်အလာ မဖြစ်ပေါ်စေရန် ထိပ်တန်းကလပ်များ အလိုရှိနေပြီး လာမည့်ရာသီအတွက်ပါ စိုးရိမ်နေ
Photo : Bleacher Report Football
Photo : Bleacher Report Football
Published 4 May 2020

 

ပရီးမီးယားလိဂ်ကလပ်အသင်းကြီးများသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်မည်ကို စိုးရိမ်ပူပန်နေ ကြပြီး ပြီးခဲ့သည့်သောကြာနေ့(မေလ ၁ရက်)နေ့က ပြုလုပ်ခဲ့သော ပရီးမီးယားလိဂ်ကလပ်အသင်းရှယ်ယာရှင်များအ စည်းအဝေး(ဗီဒီယိုကွန်ဖရင့်)တွင် ၎င်းတို့၏စိုးရိမ်ပူပန်မှုအား ပြောကြားခဲ့ကြကြောင်း သိရှိရသည်။ 

ယင်းကဲ့သို့ ပြိုင်ပွဲအား ဖျက်သိမ်းခြင်းသည် နှစ်စဉ်နှစ်တိုင်းပုံမှန်မပျက်မကွက် ကျင်းပနေသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အစဉ်အလာကို ပျက်သွားစေပြီး ယင်းမကောင်းသည့်အစဉ်အလာ (ပြိုင်ပွဲဖျက်သိမ်းခြင်း)က လာမည့်ရာသီတွင်ပါ ထပ်မံဖြစ်ပေါ်မည်ကို အသင်းကြီးများက စိုးရိိမ်ပူပန်နေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါအား တားဆီးနိုင်ရန်အတွက် ယခုအခါ ကာကွယ်ဆေးရရှိရန် ကြိုးစားဆဲဖြစ်ပြီး  အမှန်တ ကယ်ကာကွယ်နိုင်သည့်ဆေးရရှိနိုင်ရန် နောက်ထပ် (၁၈)လခန့် စောင့်ဆိုင်းရဦးမည်ဟု ကလပ်အသင်းတာဝန်ရှိသူများက ခန့်မှန်းထားသည်။ 

သို့ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးမတွေ့မချင်း ပြိုင်ပွဲအားမစတင်ဘဲ လာမည့် ၂၀၂၀-၂၁ ရာသီကိုပါ ထပ်မံဖျက်သိမ်းမည်ကို ထိပ်တန်းက လပ်တာဝန်ရှိသူများက ပူပန်နေခြင်းဖြစ်သည်။ 

သောကြာနေ့ ကပြုလုပ်ခဲ့သော ဗီဒီယိုကွန်ဖရင့်မှာ (၄)နာရီခန့် ကြာမြင့်ခဲ့ ပြီး ပရီးမီးယားလိဂ်တာဝန်ရှိသူများ စီစဉ်နေသော ပြိုင်ပွဲပြန်စမည့်အစီအစဉ်(Premier League's Project Restart Plan)နှင့် ပတ်သက်၍ အဓိကဆွေးနွေးခဲ့ကြသည်။ 

ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် လက်ကျန်ပွဲစဉ်(၉၂)ပွဲအား ကြားကွင်းများတွင် ကစားရန်စီစဉ်လျက်ရှိနေပြီး လာမည့်ဇွန်လ (၈)ရက်နေ့တွင် ပြိုင်ပွဲပြန်လည်စတင်နိုင်ရန် ရည်ရွယ်ထားသည်။  

ကလပ်အသင်းငယ်အများစုကမူ ပြိုင်ပွဲပြန်လည်စတင်ရာတွင် ရင်ဆိုင်ရနိုင်သည့် အခက်အခဲများအားတင်ပြခဲ့ကြကြောင်း သိရသည်။ 

အထူးသဖြင့် ပြင်သစ်လိဂ်နှင့် ဟော်လန်လိဂ်တို့ ဖျက်သိမ်းသွားချိန်တွင် မိမိတို့၏ကစားသမားများကို ပွဲပြန်ကစားရန် စည်းရုံးရမည်မှာ ခက်ခဲနိုင်ကြောင်း အသင်းများက တင်ပြခဲ့ကြသည်။ 

(၄)နာရီကြာခန့် ပြုလုပ်ခဲ့သော ယင်းဆွေးနွေးပွဲတွင် အသင်းကြီးများနှင့် အသင်းငယ်များအကြား ပြိုင်ပွဲစတင်ရန် ကိစ္စနှင့်ပတ်သက်၍ ကွဲပြားခြားနားမှုကို တွေ့ရှိခဲ့ရပြီး အသင်းကြီးများက ပွဲပြန်ကစားရန်နှင့် ရာသီမဖျက်သိမ်းစေရန် ဆန္ဒ ပြင်းထန်နေသော်လည်း အသင်းငယ်များမှာ ဘောလုံးပွဲများ ပြန်လည်ကစားရန်အတွက် စိုးရိမ်ပူပန်မှုကြီးထွားနေကြကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

ရှေ့လာ မည့်တစ်ပတ်တွင် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပရန်အတွက် ကလပ်အသင်းများထံမှ ဆန္ဒမဲကောက်ခံမှုကို ပြုလုပ်ဖွယ်ရှိကြောင်းသိရသည်။ 

ယင်းဆန္ဒမဲတွင် ကလပ်အသင်း အနည်းဆုံး(၁၄)သင်းထံမှ သဘောတူညီချက်ရမှ  ပြိုင်ပွဲကို ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 

Most Read

Most Recent