၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ Urban Planning အဖြစ် အကွက်ချ တည်ဆောက်ပြီးဖြစ်သည့်မြို့များ ဖြစ်ရေရန်နှင့် ယင်းမြို့များတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ အိမ်ခန်းပေါင်းတစ်သန်းအထိ တည်ဆောက်ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ လူဦးရေတိုးနှုန်းအရ နှစ်စဉ်ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော် ထုတ်လုပ်ပေးရန် လိုအပ်နေသော်လည်း မြေ၊ ဘဏ္ဍာငွေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်သူများအတွက် သင့်လျော်သည့်အိမ်ရာများ ဖြည့်ဆည်းပေးရန် ရည်မှန်းချက်တာဝန်နှင့်အညီ လူဦးရေတိုးနှုန်း၊ မိသားစုဝင်ငွေနှင့် အိမ်ရာ လိုအပ်ချက်များအတွက် လေ့လာဆန်းစစ်ချက်များ ပြုလုပ်ပြီး ကာလတို၊ ကာလရှည် အိမ်ရာစီမံကိန်းများ ရေးဆွဲတည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ နှစ် ၂၀ ကာလအတွင်း လူဦးရေတိုးနှုန်းအရ အိမ်ရာတစ်သန်း လိုအပ်မည်ဖြစ်ကြောင်း၊ နှစ်စဉ် ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော် ထုတ်လုပ်ပေးရန် လိုအပ်ကြောင်း၊ ဘဏ္ဍာငွေ အရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန် လျာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅ ဘီလျံ၊ အငှားအိမ်ရာ အခန်းပေါင်း ၈၁၂ ခန်း တည်ဆောက်ပေးခဲ့ကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း ၁၂၀ ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံ့ ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်းပေးလျက်ရှိပြီး အိမ်ခန်းများချထားရေးကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဦးကျော်လင်းက ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်း အိမ်ခန်း ၈၄၁၆ ခန်း တည်ဆောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျခွဲဝေ ရောင်းချပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။















