ပုဂ္ဂလိကစီးပွားရေးကဏ္ဍအတွက် ရန်ပုံငွေ ကျပ်ဘီလျံ ၅၀၀ အထိ တိုးမြှင့်ရန်အပါအဝင် ရည်မှန်းချက် ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်းစီမံချက် ၃၆ ခု၊ လုပ်ငန်းစဉ် ၇၆ ခုပါဝင်သော မြန်မာ့စီးပွားရေး ကယ်တင်ရေးအစီအစဉ် ထုတ်ပြန်

ပုဂ္ဂလိကစီးပွားရေးကဏ္ဍအတွက် ရန်ပုံငွေ ကျပ်ဘီလျံ ၅၀၀ အထိ တိုးမြှင့်ရန်အပါအဝင် ရည်မှန်းချက် ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်းစီမံချက် ၃၆ ခု၊ လုပ်ငန်းစဉ် ၇၆ ခုပါဝင်သော မြန်မာ့စီးပွားရေး ကယ်တင်ရေးအစီအစဉ် ထုတ်ပြန်
ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် သတင်းများကြောင့် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် စားသောက်ကုန်ဝယ်ယူသူများဖြင့် စည်ကားနေသည်ကို မတ် ၁၃ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)
ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် သတင်းများကြောင့် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် စားသောက်ကုန်ဝယ်ယူသူများဖြင့် စည်ကားနေသည်ကို မတ် ၁၃ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)
Published 29 April 2020

ပုဂ္ဂလိက စီးပွားရေးကဏ္ဍအတွက် ရန်ပုံငွေ ကျပ်ဘီလျံ ၅၀၀ အထိ တိုးမြှင့်ရန်အပါအဝင် ရည်မှန်းချက် ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်းစီမံချက် ၃၆ ခု၊ လုပ်ငန်းစဉ် ၇၆ ခု ပါဝင်သော မြန်မာ့စီးပွားရေး ကယ်တင်ရေးအစီအစဉ် ထုတ်ပြန်ထားပြီး COVID-19 စီးပွားရေးတုံ့ပြန်မှု အစီအစဉ်တွင် လူမှုရေးဝန်ဆောင်မှုများ လျှော့ချခြင်းနှင့် အခွန်တိုးမြှင့်ခြင်းများ မပါဝင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 ကြောင့် ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည့် မြန်မာစီးပွားရေးလုပ်ငန်းများကို အထောက်အကူပေးရန် ကျပ်ဘီလျံ ၁၀၀ ရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ပါဝင်သော လက်ခစားအပ်ကုန်စနစ်လုပ်ငန်း (CMP) ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ချေးငွေများ ထုတ်ပေးလျက်ရှိပြီး လိုအပ်ချက်အပေါ်မူတည်ပြီး ရန်ပုံငွေကို ကျပ်ဘီလျံ ၂၀၀ မှ ၅၀၀ အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်သော COVID-19 Economic Relief Plan တွင် ဖော်ပြထားသည်။

COVID-19 Economic Relief Plan တွင် ပါဝင်သော ရည်မှန်းချက် ခုနစ်ခုမှာ ငွေကြေးဆိုင်ရာလှုံ့ဆော်မှုဖြင့် မက်ခရို စီးပွားရေးပတ်ဝန်းကျင်ကို တိုးတက်အောင် ပြုလုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲမှုများဖြင့် ပုဂ္ဂလိကကဏ္ဍအပေါ် ရိုက်ခတ်မှုများကို လျှော့ချခြင်း၊ အလုပ်သမားများအပေါ် ရိုက်ခတ်မှုများကို လျှော့ချခြင်း၊ အိမ်ထောင်စုများအပေါ် သက်ရောက်မှုများကို သက်သာစေခြင်း၊ ဆန်းသစ်သောကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်အားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအား ကောင်းစေခြင်း၊ COVID-19 တုံ့ပြန်မှု ငွေကြေးထောက်ပံ့မှုများ တိုးချဲ့ခြင်း (အရေးပေါ်ရန်ပုံငွေများ အပါအဝင်)တို့ ဖြစ်သည်။

COVID-19 Economic Relief Plan တွင် စီးပွားရေးလုပ်ငန်းများကို ချေးငွေများထုတ်ပေးရန်၊ ချေးငွေအာမခံချက်များ ပေးရန်၊ ဒီဂျစ်တယ်ငွေပေးချေမှုများကို အားပေးရန်၊ အသေးစားချေးငွေလုပ်ငန်းများကို အတိုးနှုန်း သက်သာသောချေးငွေများ ထုတ်ပေးရန်၊ ရင်းနှီးမြှုပ်နှံမှုများကို အမြန်ဆွဲဆောင်ရန်တို့ ပါဝင်သည်။

ငွေကြေးဆိုင်ရာလှုံ့ဆော်မှုဖြင့် မက်ခရို စီးပွားရေးပတ်ဝန်းကျင်ကို တိုးတက်အောင် ပြုလုပ်ခြင်း ရည်မှန်းချက်တွင် ဘဏ်တိုးနှုန်း သုံးရာခိုင်နှုန်းလျှော့ချခြင်း (လုပ်ဆောင်ပြီး)၊ အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ပမာဏ လျှော့ချခြင်း (လုပ်ဆောင်ပြီး)၊ ရည်ညွှန်းငွေလဲနှုန်းကို စျေးကွက်အခြေအနေနှင့် လျော်ညီစေခြင်း (လုပ်ဆောင်ပြီး) များ ပါဝင်ပြီး ချက်ချင်းဆက်လက်လုပ်ဆောင်ရမည့်ကိစ္စအဖြစ် ဘဏ်နှင့် ဘဏ္ဍာရေးကဏ္ဍအတွင်း ငွေဖြစ်လွယ်မှု များပြားလာစေရန် ချေးငွေများကို လေလံဆွဲခြင်း၊ ဘဏ္ဍာရေး လိုငွေပြမှုကို ဗဟိုဘဏ်က ငွေကြေးထောက်ပံ့ရာတွင် သင့်လျော်သောအခြေအနေအထိ တိုးမြှင့်ခွင့်ပြုခြင်း (၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဆောင်ရွက်ခြင်းရန်)၊ အစိုးရငွေချေးစာချုပ်၊ ငွေတိုက်စာချုပ် လေလံရောင်းချမှုများ ယာယီလျှော့ချခြင်း (၂၀၂၀ နှစ်မကုန်မီ လုပ်ဆောင်ရန်) စသည်တို့ ပါဝင်သည်။

ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲမှုများဖြင့် ပုဂ္ဂလိကကဏ္ဍအပေါ် ရိုက်ခတ်မှုများကို လျှော့ချခြင်း ရည်မှန်းချက်တွင် ကျပ်ဘီလျံ ၁၀၀ ဖြင့်  အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ပါဝင်သော အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးခြင်း (လုပ်ဆောင်ပြီး)၊ လိုအပ်ချက်အပေါ်မူတည်ပြီး ကျပ်ဘီလျံ ၂၀၀ မှ ၅၀၀ အထိ ရန်ပုံငွေကို မြှင့်တင်ခြင်း (၂၀၂၀ နှစ် မကုန်မီလုပ်ဆောင်ရန်)၊ မ,တည်ငွေရင်းအဖြစ် ချေးယူသည့် ကျပ် ၁ ဘီလျံအောက် လျော့နည်းသော ချေးငွေအသစ်များကို ပုဂ္ဂလိကလုပ်ငန်းများ ဘဏ်များမှ ချေးငွေရယူပါက ချေးငွေ၏ ၅၀ ရာခိုင်နှုန်းကို အစိုးရက အာမခံရန် (အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ်ချေးငွေ ရယူထားသော လုပ်ငန်းများမပါ) (၂၀၂၀ နှစ်မကုန်မီ လုပ်ဆောင်ရန်)၊ စီးပွားရေးအလားအလာ ကောင်းမွန်သည့်ကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများကို အစိုးရက အာမခံချက်များတိုးချဲ့ခြင်း (၂၀၂၀ နှစ်မကုန်မီ လုပ်ဆောင်ရန်၊ ဝင်ငွေခွန်ပေးဆောင်ရမည့် အချိန်ကာလသတ်မှတ်ချက်များ တိုးမြှင့်ပေးရန် (လုပ်ဆောင်ပြီး) ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့် အချိန်ကာလသတ်မှတ်ချက်များ တိုးမြှင့်ပေးရန် (လုပ်ဆောင်ပြီး)၊ ပို့ကုန်လုပ်ငန်းများကို ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမှုလျှော့ချပေးခြင်း (လုပ်ဆောင်ပြီး)၊ COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများကို အထူးကုန်စည်ခွန်နှင့် အကောက်ခွန် ကင်းလွတ်ခွင့်ပြုခြင်း (ချက်ချင်းလုပ်ဆောင်ရန်)၊ ပမာဏကြီးမားသော ချေးငွေများဆိုင်ရာ စည်းမျဉ်းများဖြေလျှော့ပေးရန် (လုပ်ဆောင်ပြီး)၊ ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာရင်းနှီးမြှုပ်နှံများကို    မြန်ဆန်ထိရောက်သော လုပ်ထုံးလုပ်နည်းများဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်း (ချက်ချင်း လုပ်ဆောင်ရန်)၊ လက်ရှိအများပိုင် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်သုံးသပ်ခြင်း (ချက်ခြင်းလုပ်ဆောင်ရန်)၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အဓိကစီးပွားရေး အခြေခံအဆောက်အအုံများနှင့် မဟာဗျူဟာကျသော စီမံကိန်းများကို အဓိကထား၍ ပြန်လည်ထူထောင်ခြင်း၊ ခံနိုင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း (ချက်ချင်းလုပ်ဆောင်ရန်)၊ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ ငွေကြေးပေးချေမှုများ ထောက်ပံ့မည့် ကူးသန်းရောင်းဝယ်ရေးဘဏ်များတွက် ကျပ်ဘီလျံ ၁၀၀ ရန်ပုံငွေထူထောင်ရန် (၂၀၂၀ နှစ်မကုန်မီ လုပ်ဆောင်ရန်)၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးနှင့် သက်ဆိုင်သောပစ္စည်းများ တင်သွင်းခြင်း လုပ်ငန်းစဉ်မြန်ဆန်စေရန်ဆောင်ရွက်ခြင်း (ချက်ချင်းလုပ်ဆောင်ရန်)၊ အခြားနိုင်ငံများတွင် FDA ရရှိထားပြီးသော ကုန်ပစ္စည်းများကို မြန်မာ FDA ထောက်ခံချက်မလိုဘဲ တင်သွင်းခွင့်ပြုခြင်း (ချက်ချင်းလုပ်ဆောင်ရန်) ၊ ပို့ကုန်လျှောက်လွှာ၊ လိုင်စင်၊ ပါမစ်လုပ်ငန်းစဉ်များကို လိုအပ်/မလိုအပ် ပြန်လည်သုံးသပ်ခြင်း (ချက်ချင်းလုပ်ဆောင်ရန်)၊ ဆန် စပါးတင်ပို့မှု ဆက်လက်ကောင်းမွန်စေရေးအတွက် တောင်သူများအား မက်လုံးများ ပေးခြင်း (ချက်ချင်းလုပ်ဆောင်ရန်) စသည်တို့ ပါဝင်ခြင်းဖြစ်သည်။

အလုပ်သမားများအပေါ် ရိုက်ခတ်မှုများကို လျှော့ချခြင်း ရည်မှန်းချက်မှာ အလုပ်လက်မဲ့ ဖြစ်သွားသော အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်များကို ခြောက်လမှ တစ်နှစ်အထိ တိုးမြှင့်ပေးခြင်း (လုပ်ဆောင်ပြီး)၊ အလုပ်လက်မဲ့ဖြစ်သည့်နေ့မှစ၍ ခြောက်လမှ တစ်နှစ်အထိ ဆေးဝါးထောက်ပံ့မှုနှင့် ခရီးသွားလာခွင့်များ ပေးအပ်ခြင်း (လုပ်ဆောင်ပြီး)၊ ရွှေ့ပြောင်းခံရသူ သို့မဟုတ် ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများအတွက် အထောက်အကူပြုနိုင်သော အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ခြင်း (၂၀၂၀ နှစ်မကုန်မီ ဆောင်ရွက်ရန်) စသည်တို့ ဖြစ်သည်။

အိမ်ထောင်စုများအပေါ် သက်ရောက်မှုများကို သက်သာစေခြင်း ရည်မှန်းချက်တွင် မီတာခများလျှော့ချပေးခြင်း (လုပ်ဆောင်ပြီး)၊ ထိခိုက်လွယ်သော အိမ်ထောင်စုများနှင့် အန္တရာယ်ကျရောက်လွယ်သော အိမ်ထောင်စုများကို စားနပ်ရိက္ခာထောက်ပံ့ပေးခြင်း (လုပ်ဆောင်ပြီး)၊ လူထုအခြေပြု အသင်းအဖွဲ့၊ အဖွဲ့အစည်များမှတစ်ဆင့် အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း (လုပ်ဆောင်ပြီး)၊ လှုမှုပင်စင်ခံစားခွင့်များ တိုးမြှင့်ပေးခြင်းနှင့် ခံစားခွင့်ပေးသော အသက်အရွယ် လျှော့ချပေးခြင်း (ချက်ချင်း လုပ်ဆောင်ရန်)၊ အထိခိုက်အလွယ်ဆုံး အိမ်ထောင်စုများကို ငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ရန် (၂၀၂၀ နှစ်မကုန်မီ လုပ်ဆောင်ရန်)၊ အိမ်ထောင်စုများအတွက် သင့်တော်သည့်အတိုးနှင့် ချေးငွေပေးဆပ်မှုပုံစံ ပြုပြင်ပြောင်းလဲရန် ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်များ ညှိနှိုင်းရန် (ချက်ချင်းလုပ်ဆောင်ရန်) စသည်တို့ ပါဝင်သည်။

ဆန်းသစ်သောကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်အားပေးခြင်း ရည်မှန်းချက်မှာ မိုဘိုင်းငွေပေးချေမှုစနစ်ကို မြှင့်တင်ရန်နှင့် အစိုးရဌာနဆိုင်ရာများ ပါဝင်ဆောင်ရွက်ရန် (ချက်ချင်းလုပ်ဆောင်ရန်)၊ E-commerce နှင့် Social-commerce များ ရောင်းချရာတွင် ဘဏ်ငွေလွှဲခြင်း၊ မိုဘိုင်းငွေပေးချေခြင်း သို့မဟုတ် ငွေပေးချေကတ်ဖြင့် ပေးချေခြင်းတို့ဖြင့်သာ လက်ခံရန် (၂၀၂၀ နှစ်မကုန်မီ လုပ်ဆောင်ရန်)၊ လက်လီစီးပွားရေးလုပ်ငန်းများကို ပြည်တွင်းပြည်ပရှိ E-commerce နှင့် Social-commerce ဝက်ဘ်ဆိုက်များတွင် ထုတ်ကုန်များ တင်ရောင်းနိုင်အောင် ဆောင်ရွက်ပေးရန် (ချက်ချင်းလုပ်ဆောင်ရန်)၊ အွန်လိုင်းမှ စျေးဝယ်သူများကို ဝန်ဆောင်မှုပေးနိုင်ရန် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကို မြှင့်တင်ပေးရန် (ချက်ချင်းလုပ်ဆောင်ရန်) စသည်တို့ ပါဝင်သည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ အားကောင်းစေခြင်း ရည်မှန်းချက်တွင် Quarantine စင်တာအဖြစ် ပြောင်းလဲနိုင်သော အစိုးရဌာနဆိုင်ရာ အဆောက်အအုံများကို ပြင်ဆင်ဆောင်ရွက်ရန် (ချက်ချင်းလုပ်ဆောင်ရန်)၊ ဆေးကုသမှုစင်တာများ၊ အထောက်အကူပြုဌာနများတွင် ဆေးကုသရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပိုမိုထားရှိနိုင်ရေးအတွက် ဆောင်ရွက်ရန် (ချက်ချင်းလုပ်ဆောင်ရန်)၊ Quarantine စင်တာများ၊ အဆောက်အအုံများကို ပုံမှန် ပိုးသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် (ချက်ချင်းလုပ်ဆောင်ရန်)၊ Quarantine စင်တာများ၊ အဆောက်အအုံများတွင် ဆေးဝါးနှင့် ဆေးပစ္စည်း၊ ဝန်ထမ်းနှင့် ပစ္စည်းကိရိယာများ လုံလောက်စွာထားရှိရန် (ချက်ချင်းလုပ်ဆောင်ရန်)၊ COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ အလျင်အမြန်တင်သွင်းရန် (ချက်ချင်းလုပ်ဆောင်ရန်)၊ လူတိုင်းအဆင်ပြေ လက်လှမ်းမီသောနေရာများတွင် လက်ဆေးနိုင်ရန်စီစဉ်ရန် (ချက်ချင်းဆောင်ရွက်ရန်)၊ မိုဘိုင်း ပိုးသတ်ဆေးအဖွဲ့များ ထားရှိရန် (ချက်ချင်းဆောင်ရွက်ရန်)၊ အများပြည်သူအတွက် Mask များနှင့် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေရန် မိုဘိုင်းအဖွဲ့များ တည်ထောင်ရန် (ချက်ချင်းလုပ်ဆောင်ရန်) စသည့်အချက်များ ပါဝင်သည်။

COVID-19 တုံ့ပြန်မှု ငွေကြေး ထောက်ပံ့မှုများတိုးချဲ့ခြင်း (အရေးပေါ် ရန်ပုံငွေများအပါအဝင်) ရည်မှန်းချက်တွင် COVID-19 ရန်ပုံငွေအတွက် အစိုးရဌာနဆိုင်ရာ အသီးသီး၏ဘတ်ဂျက်ကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချရန် (စတင်ဆောင်ရွက်နေ)၊ အရေးပေါ်ရန်ပုံငွေ တိုးမြှင့်နိုင်စေရေးအတွက် ဘတ်ဂျက် ပြုပြင်ပြောင်းလဲနိုင်စွမ်းနှင့် ထိရောက်သောဘဏ္ဍာငွေသုံးစွဲမှုဖြစ်ရေး ဦးတည်ဆောင်ရွက်ရန် (စတင်ဆောင်ရွက်နေ)၊ ဘတ်ဂျက် ပြန်လည်ခွဲဝေသတ်မှတ်မှုကို အခြေအနေနှင့်အညီ လုပ်ဆောင်ရန် (စတင်ဆောင်ရွက်နေ)၊ COVID-19 တုံ့ ပြန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရာတွင် ထောက်ပံ့ငွေများ၊ ချေးငွေများ၊ ပြင်ပဖွံ့ဖြိုးရေးရန်ပုံငွေများ ရယူဆောင်ရွက်ရန် (စတင်ဆောင်ရွက်နေ) စသည်တို့ ပါဝင်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 Economic Relief Plan တွင် အမှာစကား ပြောကြားရာ၌ “ ဝင်ငွေမလုံလောက်မှုကြောင့် COVID-19 နဲ့သက်ဆိုင်တဲ့ အသုံးစရိတ်တွေနဲ့ မူဝါဒတွေအတွက် အစိုးရရဲ့ အသုံးစရိတ်တွေကို ပြန်လည်ခွဲဝေပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီပြန်လည်ခွဲဝေမှုတွေကနေ အခုမြန်မာနိုင်ငံမှာခံစားနေရတဲ့ အခြေခံလူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်တွေအတွက် မဆုတ်မနစ် ကြိုးစားရပါလိမ့်မယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ စီးပွားရေးတုံ့ပြန်မှုမှာ  လူမှုရေးဝန်ဆောင်မှုတွေ လျှော့ချတာ၊ အလုပ်သမားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အခွန်တိုးမြှင့်တာတွေ မပါဝင်ပါဘူး” ဟု ထည့်သွင်းပြောကြားထားသည်။

Most Read

Most Recent