COVID- 19 ရောဂါကာကွယ်ကုသရာတွင် လူနာများထံ ဆေးဝါးနှင့် အစားအသောက်များ ပေးပို့ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများ လုပ်ဆောင်နိုင်သည့် Drone နှင့် Trolley Robot များအား ပညာရေးဝန်ကြီးဌာနမှ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဧပြီ ၂၇ ရက်က နေပြည်တော်ရှိ ရုံးအမှတ် (၄) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ Drone နှင့် Trolley Robot များကို COVID- 19 ရောဂါ ကာကွယ်ကုသရာတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများနှင့် ထိတွေ့မှုနည်းပါးစေရန်နှင့် အသိပညာပေးမှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များက တီထွင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခဲ့သည့် Drone နှင့် Trolley Robot များကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် TUM၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)၊ စက်မှုနည်းပညာ၊ လေ့ကျင့်သင်တန်းကျောင်း SITE၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် MTU တို့က တီထွင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆေးရုံများတွင် COVID- 19 ကုသ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လူနာများထံသို့ ဆေးဝါးနှင့် အစားအသောက်များ ပေးပို့ရာတွင်လည်းကောင်း၊ ပိုးသတ်ဆေးဖြန်းရာတွင်လည်းကောင်း Robot Trolley များ အသုံးပြုခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ ထိတွေ့မှုလျော့ကျ စေနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောကြားသည်။
“Speaker Drone ဆိုရင်လည်း ပြည်သူကို အသိပညာပေးတဲ့အချိန်မှာ အမြင့် ၈၀ မီတာလောက် အမြင့်ကနေပျံပြီး ပြောမယ်ဆိုရင် အချင်းအားဖြင့်ကတော့ တစ်မိုင်ပတ်လည်လောက်အထိ ကြားရပါတယ်။ ပီပီသသလည်း ကြားရတယ်။ ကျွန်တော်တို့က Pre Record လုပ်ထားတဲ့ဟာလည်း ဖွင့်ပြလို့ လည်းရတယ်။ နောက် ဒီ Drone မှာ ကင်မရာပါတဲ့အတွက် အောက်မှာ တစ်ခုခုဆိုရင် Drone ကိုင်ထားတဲ့သူက ကြည့်နေရင် တစ်ခါတည်း တိုက်ရိုက်ပြောတာမျိုးလုပ်လို့ရတာပေါ့နော်။ နောက်တစ်ခါ အရေးကြီးတဲ့နေရာတွေမှာ အရေးပေါ်ဆေးပစ္စည်းဖြန့်ပေးလို့ရအောင် သုံးကီလိုဂရမ်အထိနိုင်အောင်လည်း လုပ်ထားပါတယ်။ ပိုးသတ်ဆေးဖြန်းတာကတော့ Quarantine Camp လိုနေရာမျိုး၊ စျေးလိုနေရာမျိုးမှာ အပေါ်ကနေဖြန်းနိုင်ရင် ပိုပြီးအချိန်တိုအတွင်းမှာ လူအများကြီးသုံးစရာမလိုဘူး၊ ထိတွေ့စရာလည်း မလိုတော့ဘူး။ ဘာပဲပြောပြော ကာကွယ်ထိန်းချုပ်တဲ့နေရာမှာ အထောက်အကူပြုရအောင် လှူဒါန်းခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာကြည်သွင်က ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက “COVID- 19 ကို ကာကွယ်ကုသတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ လူအင်အားတွေ အများကြီးအသုံးချခဲ့ရပါတယ်။ ဒါ့ပြင် ကုသတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ရောဂါကူးစက်နိုင်ချေရှိတဲ့အတွက် အခုလို Drone နဲ့ Trolley Robot တွေ အသုံးပြုခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှု နည်းပြီးတော့ လူနာများအတွက် ကုသမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မှာဖြစ်တဲ့အတွက် အထူးပဲ ဝမ်းသာပါတယ်။ တီထွင်ပေးခဲ့တဲ့ ပညာရေးဝန်ကြီးဌာနက၊ နည်းပညာတက္ကသိုလ်များက ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများနဲ့ ကျောင်းသားကျောင်းသူများအားလုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အထူးပဲဂုဏ်လည်းဂုဏ်ယူပါတယ်၊ ချီးလည်းချီးကျူးပါတယ်” ဟု ပြောကြားသည်။
COVID- 19 ရောဂါအား ကာကွယ်ကုသရာတွင် Drone နှင့် Trolley Robot များကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းများပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ပြည်သူများ၏ စိတ်ဝင်စားမှု ပိုလာကာ ပြည်သူပူးပေါင်းပါဝင်မှုလည်း မြင့်တက်လာမည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။















