ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အငြိမ်းစား ဝန်ထမ်းများအား မေလပင်စင်လစာမှ စတင်ကာ ငွေသားဖြင့် မထုတ်ပေးတော့ဘဲ ဘဏ်စာရင်းဖွင့်လှစ်ပေးပြီး ATM ကတ်ဖြင့် ထုတ်ပေးမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အငြိမ်းစား ဝန်ထမ်းများအား မေလပင်စင်လစာမှ စတင်ကာ ငွေသားဖြင့် မထုတ်ပေးတော့ဘဲ ဘဏ်စာရင်းဖွင့်လှစ်ပေးပြီး ATM ကတ်ဖြင့် ထုတ်ပေးမည်
ဧပြီ ၂၃ ရက်က မြို့တော်ခန်းမတွင် ပင်စင်လစာ ထုတ်ယူနေသည့် စည်ပင်အငြိမ်းစား ဝန်ထမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ဧပြီ ၂၃ ရက်က မြို့တော်ခန်းမတွင် ပင်စင်လစာ ထုတ်ယူနေသည့် စည်ပင်အငြိမ်းစား ဝန်ထမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 27 April 2020
ဆန်းထူးအောင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အငြိမ်းစားဝန်ထမ်းများအား မေလပင်စင် လစာမှစတင်ကာ ငွေသားဖြင့် ပင်စင်မထုတ်ပေးတော့ဘဲ ဘဏ်စာရင်း ဖွင့်လှစ်ပေးပြီး ATM ကတ်ဖြင့် ပင်စင်ထုတ်ပေးတော့ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ၂၀၂၀ ပြည့်နှစ် မေလအတွက် ပင်လစင်လစာမှစ၍ ငွေသားဖြင့် ထုတ်ပေးခြင်း မပြုတော့ဘဲ ရန်ကုန်မြို့တော်ဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ခြင်းနှင့် ATM စာရင်းဖွင့်လှစ်ပြီး ပင်စင်လစာ ထုတ်ယူခြင်းများကို ပြောင်းလဲဆောင်ရွက်မည် ဖြစ်ပါသဖြင့် ကြည်ဖြူစွာလက်ခံ၍ ပူးပေါင်းဆောင်ရွက်ပေးပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါဆိုးကြီး ကူးစက်ပြန့်ပွားနေသည့် ကာလတွင် ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ခရိုင်လေးခရိုင်ခွဲပြီး ထုတ်ပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပင်စင်စားများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွက် ပင်စင်လစာ ထုတ်ရက်များတွင် လာရောက် ထုတ်ယူနိုင်ခြင်းမရှိ၍ ၂၀၂၀ ပြည့်နှစ် မေတွင် ထုတ်ယူမည့်ဆိုပါက ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၊ ပင်စင်ဌာနစု ဖုန်း ၀၉-၇၉၆၂၈၁၃၉၇၊ ၀၉-၂၅၀၀၆၁၇၁၈၊ ၀၉၄၄၈၀၁၀၁၁၁၊ ၀၉-၄၂၀၀၁၈၃၁၉ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ပင်စင်စားများ အနေဖြင့် လစဉ် ၂၁ ရက်တွင်သာ ပင်စင်ထုတ်ယူခွင့်အစား ၂၁ ရက် နောက်ပိုင်း ဘဏ်ဖွင့်သည့် နေ့များနှင့် ATM၊ Wave Money၊ Mobile Money ဖြင့်ပါ ပင်စင်ငွေ ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ကြေညာထားသည်။

မြန်မာ့စီးပွားရေး ဘဏ်များတွင် ပင်စင်ထုတ်ယူခြင်းများကို လစဉ်ရုံးဖွင့်ရက် ၂၁ ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူရန် မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့်ရက်များတွင်လည်း လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားပြီး ပင်စင်စားများကိုလည်း အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပင်စင်လစာငွေများကို ဘဏ်တွင် ငွေစာရင်းဖွင့်လှစ် ထည့်သွင်း၍ လိုအပ်ချိန်တွင် အဆိုပါ ငွေစာရင်းမှ ထုတ်ယူခြင်းဖြင့် လည်းကောင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက်များမှ ထုတ်ယူခြင်းဖြင့် လည်းကောင်း Myanmar Mobiel Money (MMM) စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍လည်းကောင်း နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ထားပြီး ပင်စင်စားများကိုလည်း အသိပေး အကြောင်းကြား ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပင်စင်စားများ အနေဖြင့် COVID-19 ကူးစက်ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာဘဏ်များတွင် မိမိတို့၏ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူခြင်းအစား လစဉ် ၂၁ ရက် နောက်ပိုင်း ဘဏ်ဖွင့်သည့် ရက်များတွင်လည်း ထုတ်ယူခြင်းဖြင့် လည်းကောင်း၊ Mobile Money စနစ်အသုံးပြုပြီး နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်းတို့ဖြင့် လွယ်ကူစွာ ထုတ်ယူကြရန် အသိပေး ပန်ကြားအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent