မေလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းသည် မြစ်ဝကျွန်းပေါ်သို့ ဝင်ရောက်နိုင်သည်ကို ကမ္ဘာကျော် မိုးလေဝသဌာနများ ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။
“မေလဆန်းမှာ ဖြစ်ပေါ်နိုင်တဲ့ မုန်တိုင်းနဲ့ ပတ်သက်ပြီး ကမ္ဘာကျော် GFS Model နဲ့ el နဲ့ ECMWF Model Guidance များရဲ့ မုန်တိုင်းလမ်းကြောင်း ခန့်မှန်းချက်အရ မုန်တိုင်းက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများကို ပုသိမ်နဲ့ ဟိုင်းကြီးကျွန်း အကြားက ဖြတ်ကျော်နိုင်တယ်လို့ ပြောလာကြတယ်။ ဒါပေမဲ့ ဖြတ်မယ့်ရက်၊ အချိန်နဲ့ မုန်တိုင်းအင်အားကတော့ အနည်းငယ် ကွဲလွဲနေဆဲ ဖြစ်ပါတယ်” ဟု ဦးလှထွန်းက ပြောကြားသည်။
မုန်တိုင်းအန္တရာယ်အား မြစ်ဝကျွန်းပေါ်ဒေသများ၊ အထူးသဖြင့် ပုသိမ်နှင့် ဟိုင်းကြီး ကျွန်းအကြား ဒေသများသည် မေ ၂ ရက်မှစတင်ကာ သတိထားရန် လိုအပ်ကြောင်း၊ ပင်လယ်ပြင်တွင် မေ ၁ ရက်မှ စတင်ကာ မုန်တိုင်းအရှိန် သက်ရောက်လာနိုင်သည့်အတွက် ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းများတွင် လှိုင်း၊ လေ သတိထားဖို့လိုကြောင်း၊ မိုးလေဝသဆိုင်ရာ သဘာဝဘေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ရောဂါကပ်ဘေးနှစ်ခုကို ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် တာဝန်ရှိသူများ အနေဖြင့် လက်ရှိအချိန်မှစတင်ကာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးလှထွန်းက ပြောကြားသည်။
“အခုက မော်ဒယ်တွေ့ရှိချက်တွေ ဖြစ်တဲ့အတွက် အပြောင်းအလဲ ရှိနိုင်ပါတယ်။ မုန်တိုင်းသတိပေးချက် မဟုတ်သေးပါဘူး။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ သတိပေးချက်၊ ထုတ်ပြန်ချက်များကို အလေးထားဖို့ တိုက်တွန်းအပ်ပါတယ်” ဟု ဦးလှထွန်းက ပြောကြားသည်။
ထို့ပြင် လက်ရှိအချိန်တွင် လေပွေလှိုင်းများ၊ နေ့အပူ မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်များကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ရှိပြီး မုတ်သုံလေရာသီ ကာလအတွင်း ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် မုတ်သုံမုန်တိုင်းငယ်များ ဖြစ်ပေါ်တတ်ကြောင်း၊ မိုးကြိုရာသီနှင့် မိုးလွန်ရာသီများတွင်ဖြစ်သော မုန်တိုင်းများသည် အဖျက်စွမ်းအားများ၍ ပျက်စီးဆုံးရှုံးမှု များစွာဖြစ်စေနိုင်ကြောင်း သိရသည်။
မုန်တိုင်းများ၏ အရေးပါသော အဖျက်စွမ်းအား သုံးမျိုးသည် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်ခြင်းနှင့် မုန်တိုင်းဒီရေတက်ခြင်းတို့ ဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဖြတ်ကျော်ပါက အများဆုံး လေတိုက်နှုန်း တစ်နာရီမိုင် ၁၂၀ မှ ၁၃၀ အထိ ရှိနိုင်ပြီး ဖြတ်ကျော်သည့် မုန်တိုင်း၏ အင်အားနှင့် အရွယ်အစားပေါ်တွင် အဓိကမူတည်ကြောင်း၊ အားကောင်းသော မုန်တိုင်းဖြစ်ပါက လေတိုက်နှုန်း ပိုမိုပြင်းထန်မည်၊ မိုးကြီးမည်၊ မုန်တိုင်းဒီရေ တက်ရောက်မှု ပိုမြင့်မည်ဖြစ်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများသည် မုန်တိုင်းဘေး အန္တရာယ်ရှိသော ဒေသများဖြစ်ပြီး ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့သည် မုန်တိုင်းများ ဖြတ်ကျော်ရွေ့လျားမှုကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်တစ်ပျက် ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ကြုံတွေ့နိုင်ကြောင်း သိရသည်။
မုန်တိုင်းဖြစ်ပေါ်မည့် အခြေအနေကို မိုးဇလမှ နေ့၊ ညမပြတ် စောင့်ကြည့်လေ့လာ နေပြီး မုန်တိုင်းဖြစ်ပေါ်နေစဉ် ကုန်းတွင်းသို့ ဝင်ရောက် အားပျော့သွားသည်အထိ စောင့်ကြည့်လျက် ကြိုတင်သတင်းထုတ်ပြန်မည် ဖြစ်ပါသည်။ ထို့ကြောင့် မုန်တိုင်းဖြစ်ပေါ်လာတိုင်း စိုးရိမ်မှုမလွန်ဘဲ မုန်တိုင်းမတိုက်ခတ်မီ၊ မုန်တိုင်းတိုက်ခတ် နေဆဲနှင့် မုန်တိုင်း တိုက်ခတ်ပြီးချိန်များတွင် ပြင်ဆင်ဆောင်ရွက်ရန်တို့ကို ကြိုတင်စီမံလျက် မိုး-ဇလ၏ မုန်တိုင်းသတင်း (သို့မဟုတ်) မုန်တိုင်း သတိပေးချက်ကို ကြည့်ရှု၊ နားဆင်ပြီး ဒေသဖွဲ့အစည်းများ၏ ဦးဆောင်လမ်းညွှန်မှုကို ပူးပေါင်း၊ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မုန်တိုင်းအန္တရာယ်ကို ရင်ဆိုင် ကျော်လွှားနိုင်မည် ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။















