နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းက စင်ကာပူ၊ ဘန်ကောက်နှင့် နယူးဒေလီမြို့များသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် ကူညီကယ်ဆယ်ရေး ခရီးစဉ်များ ပျံသန်းမည်ဖြစ်ပြီး ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် MAI မှ အင်ချွန်း-ရန်ကုန်ခရီးစဉ်အား ပျံသန်းမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်က ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ စင်ကာပူ၊ ဘန်ကောက် သုဝဏဘူမိနှင့် နယူးဒေလီမြို့များသို့ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ညှိနှိုင်း၍ Relief Flight များကို အမြန်ဆုံး ပျံသန်းပေးသွားမည်ဖြစ်ကာ ပျံသန်းမည့် နေ့ရက်အချိန်၊ ခေါက်ရေများကို ညှိနှိုင်းပြီးစီးပါက အချိန်နှင့် တစ်ပြေးညီ ကြေညာပေးမည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI ကလည်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အင်ချွန်း လေဆိပ်မှ ရန်ကုန်သို့ ပျံသန်းမည့် Relief Flight ခရီးစဉ်အား ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်နှင့် မေ ၃၊ ၅၊ ၈၊ ၁၅၊ ၂၂ နှင့် ၂၉ ရက်များတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်လာရန် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပျံသန်းသွားမည်ဖြစ်သည်။
၎င်းခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များ အနေဖြင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် စာရင်းပေးသွင်းရန် လိုအပ်မည်ဖြစ်ပြီး ခရီးစဉ်အား ထိုင်ခုံနေရာရရှိမှုပေါ် မူတည်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ကိုရီးယားနိုင်ငံမှ ပြန်လည်လိုက်ပါလာမည့် ခရီးသည်များ အနေဖြင့်လည်း သက်ဆိုင်ရာ အာဏာပိုင်များမှ ချမှတ်ထားသည့် ကန့်သတ်နေထိုင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်များကိုလည်း တိတိကျကျ လိုက်နာရန် တိုက်တွန်းအကြံပြုထားသည်။
MAI က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အင်ချွန်းလေဆိပ်မှ ရန်ကုန်သို့ ပျံသန်းမည့် Relief Flight ခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များ အနေဖြင့် ဘိုကင်တင်ခြင်းနှင့် လက်မှတ်ဝယ်ယူ ငွေပေးချေခြင်းများအား လက်မှတ် အရောင်းကောင်တာများနှင့် အင်ချွန်းလေဆိပ်ရှိ MAI check-in ကောင်တာများတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆင်းသက်ခွင့်အား မတ် ၃၀ ရက် ညသန်းခေါင်မှ စတင်ပြီး ယာယီရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံလေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
သို့ရာတွင် ကယ်ဆယ်ရေး လေယာဉ်များ၊ ကုန်တင်လေယာဉ်များ၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး လေယာဉ်များ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အထူးခွင့်ပြုချက်ဖြင့် ဆင်းသက်သော လေယာဉ်များကိုမူ ဆင်းသက်ခွင့် ဆိုင်းငံ့ခြင်းတွင် ပါဝင်ခြင်း မရှိဘဲ ဆင်းသက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါလေယာဉ်များ အနေဖြင့် ညအိပ်ရပ်နားမှုများ ရှိပါက လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေယာဉ် အမှုထမ်းများအား သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ထိန်းသိမ်းမှုကို ခံယူရမည်ဖြစ်သည်။ နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများ မပြတ်လပ်စေရေးနှင့် တင်ပို့ရမည့် ကုန်စည်များ တင်ပို့နိုင်ရန် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ Cargo စင်းလုံးငှား ခရီးစဉ်များကို ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။















