တရုတ်နိုင်ငံက COVID- 19 ရောဂါ ကျန်းမာရေးအခြေအနေအရ နယ်စပ်တစ်လျှောက် ပိတ်ထားမှုကြောင့် မြန်မာ တရုတ်နယ်စပ် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့အတွင်းရှိ နောင်ဖိုင်နှင့် ခါးလှိုင်ရွာအတွင်း ဧပြီ ၂၇ ရက် မှစတင်ကာ ပြောင်းဖူးတင် ထော်လာဂျီ အစီးလေးရာခန့် ပိတ်မိနေပြီး ဈေးနှိမ်ဝယ်ယူမှု့များရှိကြောင်း သိရသည်။
အဆိုပါ ပြောင်းဖူးများမှာ မူဆယ်နမ့်ခမ်းဒေသထွက်ဖြစ်ပြီး လက်ရှိတွင် မြန်မာ တရုတ် နယ်စပ်ရှိ ရွာချင်းစပ်နေသည့် နေရာများကိုပါ တရုတ်နိုင်ငံဘက်မှ အဝင်အထွက်အား တင်းကြပ်လိုက်ခြင်းကြောင့် အရောင်းအဝယ်များ ပြုလုပ်ရန် ခက်ခဲမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“မနေ့ကနဲ့ ဒီနေ့အထိ အစီးပေါင်းလေးရာလောက်တော့ ပိတ်မိနေတယ်။ အခုထိ သွားလို့မရသေးဘူး ခင်ဗျား၊ တရုတ်ပြည်ရွှေလီ အာဏာပိုင်တွေက တရုတ်နယ်စပ်အကုန်လုံးကို ပိတ်လိုက်တဲ့အခါကျတော့ နယ်စပ်တလျှောက်မှာနေတဲ့ တောင်သူလယ်သမားတွေအကုန်လုံး တရုတ်ပြည်ကိုဘဲ ရောင်းဖို့ဘဲ ရှိတယ်လေ၊ အဲ့လိုအခါမျိုးမှာကျတော့ အကုန်လုံးက ပိတ်မိနေပြီး ဝင်လို့မရဘူး ဖြစ်နေတယ်” ဟု ပြောင်းဖူးစိုက်တောင်သူ စိုင်းမောဝ်အွန်က ပြောကြားသည်။

လက်ရှိတွင် ပြောင်းဖူးတစ်တန် ပေါက်စျေးမှာ ယနေ့ (ဧပြီ ၂၇ ရက်) တွင် တရုတ် ယွမ် ၃၅၀၀ ပေါက်ဈေးရှိသော်လည်း ဈေးနှိမ်ဝယ်ယူခြင်းကြောင့် တစ်တန်လျှင် ယွမ် ၁၀၀၀ ကျော်သာ ရရှိကြောင်း၊ ပြောင်းဖူးပစ္စည်းကောင်းသည့်တိုင် တစ်တန်လျှင် ယွမ် ၃၀၀၀ ကျော်သာ ပေးကြောင်း မူဆယ် နမ့်ခမ်းမှ လာတဲ့ တောင်သူလယ်သမားသည် တစ်ရက်လျှင် အစီး ၁၀၀ ကျော်ခန့် လာရောက်နေသဖြင့် အစီးလေးရာကျော် ပိတ်မိနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံက နယ်စပ်တလျှောက် တင်းကြပ်သော အစီအမံများ ချမှတ်ကာ ပိတ်ထားပြီး ကုန်သွယ်မှု မပျက်အောင် ကုန်စည်စီးဆင်းမှုကို ဖွင့်ပေးထားကာ ပြောင်းဖူးရောင်းဝယ်မှုကိုလည်း နားလည်မှုဖြင့် ခွင့်ပြုထားခြင်းဖြစ်သော်လည်း မူဆယ်မြို့အတွင်း COVID- 19 တွေ့ရှိပြီးနောက်ပိုင်း ပြောင်းဖူးရောင်းဝယ်မှုအပေါ် တရုတ်နိုင်ငံဘက်မှ ပိုမိုးတင်ကြပ်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ မန့်ဟီးရိုးမြို့အဝင်ရှိ နောင်ဟင်၊ နောင်မွန်၊ နောင်ခေါ်၊ ကောင်းကွက်၊ နောင်ဖိုင် စသည့် အဝင်ပေါက်များကို ဒေသန္တရအမိန့်ဖြင့် သွားလာမှု ကန့်သတ်ထားကာ စက်လှေဆိပ်များလည်း ပိတ်ထားကြောင်း မန့်ဟီးရိုးမြို့နယ် အုပ်အုပ်ရေးမှူးရုံးက သိရှိရသည်။















