COVID-19 ကပ်ရောဂါ ရွာအတွင်း မဝင်ရောက်စေရန် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လကျီနွဲ့ကျေးရွာနေ ကယန်းတိုင်းရင်းသားများက အရုပ်များထုလုပ်၍ ရိုးရာဓလေ့ကပ်ဆိုးထုတ်ခြင်းပြုလုပ်

COVID-19 ကပ်ရောဂါ ရွာအတွင်း မဝင်ရောက်စေရန် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လကျီနွဲ့ကျေးရွာနေ ကယန်းတိုင်းရင်းသားများက အရုပ်များထုလုပ်၍ ရိုးရာဓလေ့ကပ်ဆိုးထုတ်ခြင်းပြုလုပ်
 လကျီနွဲ့ကျေးရွာ အဝင်ဝတွင် ထားရှိထားသည့် အရုပ်များကို တွေ့ရစဉ်
လကျီနွဲ့ကျေးရွာ အဝင်ဝတွင် ထားရှိထားသည့် အရုပ်များကို တွေ့ရစဉ်
Published 25 April 2020
မခိုင် (လွိုင်ကော်)

COVID-19 ကပ်ရောဂါ ရွာအတွင်း မဝင်ရောက်စေရန် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လကျီနွဲ့ကျေးရွာနေ ကယန်းတိုင်းရင်းသားများက အရုပ်များထုလုပ်၍ ရိုးရာဓလေ့ကပ်ဆိုးထုတ်ခြင်း ပြုလုပ်ကြကြောင်း သိရသည် ။

ရွာတွင်းသို့ ဝင်ရောက်သည့်လမ်းတွင် ရုပ်ထုများ ထားရှိပြီး မကောင်းသောရောဂါများ၊ ကပ်ဘေးများ ရွာအတွင်းဝင်မလာစေရန်နှင့် ၎င်းတို့လာရာအရပ်သို့သာ ပြန်သွားရန် ရည်ရွယ်ပြီး မောင်းထုတ်ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်း ပြင်ပလူစိမ်းမဝင်ရန်အတွက် ရွာဝင်လမ်းအားပိတ်၍ အလှည့်ကျကင်းစောင့်ခြင်းများပြုလုပ်ကြောင်း သိရသည်။

“ ကျွန်မအမေကိုမေးကြည့်တော့ ဒီလိုမျိုးကို အမေတို့ငယ်ငယ်က တစ်ကြိမ်လုပ်တယ်တဲ့။ ဒီလိုမလုပ်တာ အတော်ကြာပြီတဲ့။ နှစ် ၂၀ လောက် မကဘူးထင်တယ်ပြောတယ်လေ။ ကျွန်မလည်း ခုမှမြင်ဖူးတာ။ ရွာကတစ် အိမ်ကို တစ်ယောက် ရုပ်ထုတစ်ခုဆီထုလာရတယ်။ တချို့ကျ ဝက်။တချို့ကျမြင်း။ တချို့ ကျ လူမိန်းမ လူယောက်ကျားထုလာကြတယ်။ ကျားမပုံတွေက မကောင်းသောလူလို့လည်း အဓိပ္ပာယ်ရတယ်လေ။နောက်အရုပ်တွေရဲ့ ခေါင်းကို ရွာအဝင်ဘက်ကိုဦးတည်ထားပြီး ဟစ်ပေါ်တင်ထားရတယ်။ ရွာဘက်ကိုမလှည့်ရဘူး။ ရှေးဘိုးဘွားတွေလုပ်ခဲ့တဲ့ ရိုးရာပေါ့နော်။ ဒါကိုလှောင်မရယ်စေချင်ဘူးလေနော်။ ရိုးရာတစ်ခုအနေနဲ့ မြင်ပေးစေချင်တယ်လေ ’’ ဟု ကျေးရွာနေ အရပ်ဘက်အဖွဲ့အစည်းဖြစ်သော   KCDS ဝန်ထမ်း မူလေးလေးက ပြောကြားသည်။

အရုပ်များမထားမီ ကြက်ဖြူတစ်ကောင်အား တောထဲသို့လွှတ်ခြင်း၊ ကြက်ရိုးဗေဒင်မေးမြန်းခြင်းများပြုလုပ်ကြပြီး မောင်းထုတ်ရှင်းလင်းပွဲကို ရွာသူကြီးမှဦးဆောင်ပြုလုပ်ကြောင်းလည်း သိရသည်။

“ ရက်တိကျတော့မသိဘူး။ဒီလို ရုပ်ထုလုပ်တာ ကျွန်တော်တစ်သက်တော့ သုံးခေါက်ရှိပြီ ။ ကျွန်တော်ငယ်ငယ်ကတစ်ခါ ။နောက်လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က တစ်ခါ။ အဲဒီတစ်ခါကျကောင်းကောင်း မှတ်မိတယ်။ ရွာကလူတွေအတော်များများ မီးလောင်သလို အရည်ခွံတွေကွာကျကြလို့လုပ်တာ။ ငှက်ပျောရွက်တွေ ခင်းအိပ်ကြရတယ်။ လူကြီးတွေက ရွာစည်းဝေးခေါ်ပြီး ရုပ်တုတွေထုသွားထားမှ ရောဂါဆက်မဖြစ်တော့တာ။ ကျွန်တော်က ရောဂါမဖြစ်တဲ့ထဲပါခဲ့တယ်။ဘိုးဘွားရိုးရာဆိုတော့ လုပ်ကောင်းပါတယ်။ ဒီရိုးရာကလုပ်လို့လည်း တခြားဘယ်သူမှမထိခိုက်ပါဘူး။တခြားမလုပ်ချင်သူတွေကို လည်း လုပ်ပါလို့အတင်းမပြောပါဘူး။ ခုက ရွာမှာ ရိုးရာဓလေ့လည်းလုပ်သလို ကျန်းမာရေးဆရာမတွေပြောသလိုလည်း နားထောင်ကြပါ တယ်။ ရွာကနေရွာပြင်အရေးပေါ်မှ ထွက်ကြတယ်။ ဆရာမတွေပေးတဲ့ မျက်နှာဖုံးတပ်ကြတယ်။ လူစိမ်းတော့ရွာထဲလုံးဝအဝင်မခံဘူး။ ရွာပြင်ထွက်လို့ပြန်လာရင် လက်ဆေးကြတယ်။သူကြီးကလွဲလို့ ကျန်လူက သိတ်မထွက်လိုကြပါဘူး။ နောက်ပြီးတော့ ၀ါးဆစ်စိမ်းကို မီးရှို့ပြီးကျလာတဲ့ရေကို တစ်ကိုယ်လုံးသုတ်လိမ်းကြတယ်။ ၀ါးရေက ပိုးမွှားသေတယ်လေ။ ဒါကတော့ရိုးရာလည်း ဟုတ်တယ်။ရှေးဘိုးဘွားတွေရဲ့ဆေးဝါးလိုလို သုံးစွဲခဲ့တာလည်းဟုတ်တယ်လေ ’’ ဟုရွာရှိသက်ကြီး တစ်ဦးဖြစ်သူ ခွန်းမောင်လွင်က ပြောကြားသည်။

လကျီနွဲ့ကျေးရွာမှာ COVID-19 ကပ် ရောဂါဝင်ရောက်လာသည်ဟု သတင်းစကြားစဉ်ကပင် ဖယ်ခုံမြို့ပေါ်သို့ဆင်း၍ ဘိုးဘွားလက်ထက်ကတည်းက ကျင့်သုံးခဲ့သောဆားများ ဝယ်ယူသိုလှောင်ထားကြပြီး အစိုးရမှ လိုက်နာရန် စည်းကမ်းချက်များ မထုတ်ခင်ကတည်းကပင် ရွာလူအဝင်အထွက်အား စောင့်ကြည့်ခြင်း၊ ရွာတွင်းမှလူများအားအပြင်သို့ အရေးပေါ်ကိစ္စမှလွဲ၍ ပေးမထွက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent