COVID-19 ရောဂါပိုးတွေ့ရှိသူ Case 137 နေထိုင်သည့် လှိုင်မြို့နယ်ရှိ တိုက်အမှတ် ၇၆ ကို ဧပြီ ၂၄ ရက်တွင် Lockdown ပြုလုပ်ခဲ့ကြောင်း လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
အဆိုပါ Case 137 သည် ဟိုတယ်ဝန်ထမ်းတစ်ဦးဖြစ်ရာ ဧပြီ ၁၉ ရက်တွင် Hotel Quarantine ထားရှိသူတစ်ဦးဖြစ်ပြီး ၎င်းသည် လှိုင်မြို့နယ် အမှတ် ၂ ရပ်ကွက် ၅ လမ်းရှိ တိုက်အမှတ် ၇၆ အပေါ်ဆုံးထပ် တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
“ သူက ဝန်ထမ်းတစ်ဦးဖြစ်တယ်။ ၁၉ ရက်က Hotel Quarantine ဝင်ထားတယ်။ဒီနေ့ကြေညာတဲ့အထဲမှာ ပါလာတယ်။သူမှာ မိသားစု သုံးဦးရှိတယ်။ သူတို့ကို သံဗျင်မှာ Quarantine လုပ်ပြီးတော့ အဲဒီတိုက်ပိုးသတ်ဆေးဖျန်းပြီးတော့ Lockdown ချလိုက်တယ် ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော် ကျော်ထွန်းက ပြောကြားသည်။
အဆိုပါ တိုက်တွင် တိုက်ခန်း ၁၀ ခန်းရှိ ပြီး တိုက်ခန်း ရှစ်ခန်းတွင် လူ ၂၄ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် Case 139 သည် ထုတ်ပြန်ချက်အရ လှိုင်မြိ့နယ်ဟုဖော်ပြထားသော်လည်း ၎င်းအမှန်တကယ်နေထိုင်ရာ လိပ်စာအရ ကမာရွတ်မြို့နယ် အောင်မေတ္တာ ၁ လမ်းတွင် နေထိုင်သူ ဟိုတယ်ဝန်ထမ်း အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းနေထိုင်သည့် နှစ်ထပ်တိုက်ရင်ခွဲကိုလည်း ပိုးသတ်ဆေးဖြန်း ဆောင်ရွက်ထားကာ ခင်ပွန်းကို Quarantine ဆောင်ရွက်ရန် စီစဉ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ဧပြီ ၂၄ ရက် နံနက် ၁၀ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၃၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။















