ယခုဧပြီလကုန်နှင့် မေလဆန်းအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းမှ မုန်တိုင်းအဆင့်အထိ ဖြစ်နိုင်ပြီး မြန်မာနိုင်ငံအနေဖြင့် သတိထားရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင်များက ပြောကြားသည်။
“လာမယ့် ဧပြီလ ၂၉ ရက်မှာ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းလေး အစပျိုးလာနိုင်ပြီး မေ ၁ ရက်မှာတော့ မုန်တိုင်းငယ်လေးအဖြစ်ကို ရောက်လာနိုင်တယ်လို့ သင်္ချာပုံစံခန့်မှန်းတစ်ခုက ပြလာတာကို တွေ့ရပါတယ်။ စောင့်ကြည့်လေ့လာ ဆန်းစစ်နေရမယ့် အခြေအနေကို ရောက်လာပါတယ်။ အခုကနေ ခုနစ်ရက်လောက် လိုသေးတာမို့ အခြေအနေ ပြောင်းလဲဖြစ်ပေါ်မှုကို လက်ဦးမှုရအောင် အချိန်ရနေပါတယ်” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ဆိုသည်။
သချာင်္ပုံစံပြု သဘောတရားသည် နေ့စဉ်ရရှိသော အချက်အလက်များကို ခြောက်နာရီခြား တစ်ကြိမ်တွက် ထုတ်ပေးခြင်း ဖြစ်သည့်အတွက် ရရှိသည့် အချက်အလက်များ ပြောင်းလဲသွားပါက ခန့်မှန်းချက်ရလဒ်မှာ ပြောင်းလဲနိုင်သည်။ ထို့ကြောင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များကို နေ့စဉ်စောင့်ကြည့်၍ ဖတ်ရှုသင့်ကြောင်း ဦးချစ်ကျော်က ဆိုသည်။
“မေ ၁ ရက်နေ့လောက်မှာ ကပ္ပလီပင်လယ်ပြင်နဲ့ သူနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းအဖြစ် အားကောင်းလာဖို့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ များလာပါတယ်။ လက်ရှိမှာ လေဖိအားနည်းရပ်ဝန်း မဖြစ်သေးတဲ့အတွက် ဘယ်လောက်အထိ အားကောင်းမယ်။ မုန်တိုင်းဖြစ်လာရင် ဘယ်ကိုဦးတည်မယ်ဆိုတာ ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် မုန်တိုင်းကို ရွေ့လျားစေမယ့် ပဲ့ကိုင်လေစီးကြောင်းတွေက နေ့အလိုက် ပြောင်းလဲနေလို့ ဘယ်ကိုဦးတည်မလဲဆိုတာ မပြောနိုင်သေးတာ။ သို့သော် မေလ (မိုးကြိုကာလ) မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က မြန်မာပြည်ဘက်ကို ဦးတည်လေ့ရှိတဲ့အတွက် သတိထားရပါမယ်။ Model Guidance တွေကတော့ မြန်မာ့ကမ်းရိုးတန်းဘက်ကို လာနိုင်ကြောင်း ဖော်ပြကြတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။
ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ရှိပြီး မုတ်သုံလေရာသီ ကာလအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် မုတ်သုံ မုန်တိုင်းငယ်များ ဖြစ်ပေါ်တတ်ကြောင်း၊ မိုးကြိုရာသီနှင့် မိုးလွန်ရာသီများတွင်ဖြစ်သော မုန်တိုင်းများသည် အဖျက်စွမ်းအားများ၍ ပျက်စီးဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေနိုင်သည်။















