ကချင်ပြည်နယ်တွင်းရှိ ၁၄ မြို့နယ်ကို ညမထွက်ရ အမိန့်ထုတ်ပြန်

ကချင်ပြည်နယ်တွင်းရှိ ၁၄ မြို့နယ်ကို ညမထွက်ရ အမိန့်ထုတ်ပြန်
Published 18 April 2020

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ယနေ့ (ဧပြီ ၁၈ ရက်) မှ စတင်ထုတ်ပြန်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။

အဆိုပါ ည မထွက်ရအမိန့် ထုတ်ပြန်ခဲ့သည့် မြို့နယ်များမှာ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ဗန်းမော်၊ မန်စီ၊ ရွှေကူ ၊ မိုးမောက်၊ ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ် မြို့နယ်တို့ ဖြစ်သည်။

ထိုသို့ ထုတ်ပြန်ရသည့် အဓိကအကြောင်းအရင်းမှာ COVID-19  ရောဂါကြောင့် နေအိမ်တွင်းနေထိုင်သည့် လူငယ်များညအချိန် မတော်ထွက်ကာ သောက်စားမူးယစ်ခြင်း၊ခိုက်ရန်ဖြစ်ပွားခြင်း၊ပြည်သူလူထု၏ လုံခြုံရေး အခြေအနေများကြောင့် COVID-19 ကာကွယ်၊ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဧပြီလ ၁၇ ရက် ကညွှန်ကြားလာခြင်းဖြစ်ကြောင်း ညွန်ကြားရေးမှူး ဦးဇော်ဇော်၏ ပြောကြားချက်အရ သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က " ဒီက အတည်ပြုမှာပါ။ ဖားကန့်မှာ ကြော်ငြာနေပြီ။ ပြစ်ဒဏ်က တစ်လ ကနေ ငွေဒဏ်လည်း ရှိပါတယ်။ ဧပြီ ၃၀ ရက်အထိ အတည်ဖြစ်ပါတယ်။ တိုင်းနှင့်ပြည်နယ် အားလုံးမှာ ထုတ်ပြန်ထားပါတယ်"ဟုပြောကြားသည်။