COVID-19 ရိုက်ခတ်မှုဒဏ် ခံစားနေရသည့် အခြေခံလူတန်းစားများကို အစားအသောက် ထောက်ပံ့ပေးရန် ကုန်သည်စက်မှုအသင်းချုပ် ရန်ပုံငွေ ထူထောင်မည်

COVID-19 ရိုက်ခတ်မှုဒဏ် ခံစားနေရသည့် အခြေခံလူတန်းစားများကို အစားအသောက် ထောက်ပံ့ပေးရန် ကုန်သည်စက်မှုအသင်းချုပ် ရန်ပုံငွေ ထူထောင်မည်
ကုန်သည်စက်မှုအသင်းချုပ် အစီအစဉ်ဖြင့် လှိုင်သာယာမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေသည်ကို တွေ့ရစဉ်
ကုန်သည်စက်မှုအသင်းချုပ် အစီအစဉ်ဖြင့် လှိုင်သာယာမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေသည်ကို တွေ့ရစဉ်
Published 6 April 2020
စည်သူအောင်

COVID-19 ရိုက်ခတ်မှုဒဏ် ခံစားနေရသည့်အခြေခံလူတန်းစားများကို အစားအသောက်ထောက်ပံ့ပေးရန် ကုန်သည်စက်မှုအသင်းချုပ် ရန်ပုံငွေ ထူထောင်သွားမည်ဖြစ်ကြောင်း ဧပြီ ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် Coronavirus Disease 2019 (COVID-19) ရိုက်ခတ်မှုကို ခံစားနေရသည့် အခြေခံလူတန်းစားများ၏ စာရေး၊ သောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန် ရန်ပုံငွေတစ်ရပ်ကို ကနဦးကျပ်သိန်း ၁၅၀၀ ဖြင့် မ,တည် ထူထောင်မည်ဖြစ်သည်။

COVID-19 အကျိုးဆက်ကြောင့် လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများ ရှိနေပြီဖြစ်ရာ ယင်းရိုက်ခတ်မှုသည် အခြေခံအကျဆုံးအလွှာဖြစ်သည့် လက်လုပ်လက်စားများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိနိုင်မှုကို သိသာစွာ ထိခိုက်နေပြီးဖြစ်သည်။ လတ်တလောကာလတွင် အခြေခံလူတန်းစားများကို အစားအသောက်များ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်သည် ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များ၊ စေတနာရှင် ပြည်သူများနှင့်အတူ နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်လုပ်လက်စားများနှင့် မှီခိုသူမိသားစုဝင်များအတွက် အခြေခံစားသောက်ကုန်များကို ဝယ်ယူထောက်ပံ့ပေးရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ကုန်သည်စက်မှုအသင်းချုပ် အသင်းသူ၊ အသင်းသားများ၊ ညီနောင်အသင်းများ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များအားလည်း ရန်ပုံငွေ ထည့်ဝင်လှူဒါန်းလိုပါက မိမိစေတနာအလျောက် လှူဒါန်းခြင်းဖြင့် ပူးပေါင်းပါဝင်ရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က မတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် ညီနောင်အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတို့နှင့် ပူးပေါင်း၍ မတ် ၂၆ ရက်မှစတင်ကာ စက်မှုဇုန်နေရာများတွင် အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ပြည်သူများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှည့်လည်ရောင်းချခြင်းဖြင့် လတ်တလော COVID-19 အရေးကြောင့် အများပြည်သူ ဝယ်ယူစားသုံးနေသည့် အခြေခံစားသောက်ကုန်များ စျေးကွက်အတွင်း ပြတ်လပ်ခြင်းမရှိစေရန်နှင့် စျေးနှုန်းကြီးမြင့်ခြင်း မရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဒေသတွင်း ဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီလက်ကားလုပ်ငန်းများကို ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က အသိပေး ကြေညာထားသည်။

အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များ စျေးနှုန်းများ တည်ငြိမ်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မည်ဟု ကုန်သည်စက်မှုအသင်းချုပ်က မတ် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး မတ် ၁၉ ရက်တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Coronavirus Disease 2019 (COVID-19) ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ခဲ့ပြီးဖြစ်သည်။ အဆိုပါအခြေအနေတွင် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စိတ်များဖြင့် ဆန်၊ ဆီစသည့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပုံမှန်ထက် ပိုမိုဝယ်ယူနေကြောင်း တွေ့ရှိရကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ် ၁၉ ရက်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် အခြေခံအလုပ်သမားများ  အများဆုံး အလုပ်လုပ်ကိုင်ကြသော စက်မှုဇုန်များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီစသည်တို့ကို အထူးစီမံချက်တစ်ရပ် ချမှတ်၍ ပုံမှန်စျေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လာပြီး နယ်မြေကန့်သတ်မှုများ ပြုလုပ်လာပါက အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို စျေးကွက်အတွင်းသို့ ကုန်ပစ္စည်းပြတ်လပ်ခြင်းမရှိဘဲ စျေးနှုန်းတည်ငြိမ်စွာဖြင့် ကုန်စည်စီးဆင်းနိုင်ရန် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် COVID-19 အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးအကျပ်အတည်းများအပြင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ လူမှုရေး အကျိုးသက်ရောက်မှုများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အတူတကွ ပူးပေါင်း၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

Most Read

Most Recent