မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် ရေးဆွဲထားသည့် COVID-19 သတိပေး နံရံပန်းချီမှာ ဗုဒ္ဓဘာသာကို ထိခိုက်စေသည့် ယူဆချက်များကြောင့် သာသနာရေးဦးစီးဌာနက တရားရုံးသို့ ဦးတိုက်လျှောက်ထား

မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် ရေးဆွဲထားသည့် COVID-19 သတိပေး နံရံပန်းချီမှာ ဗုဒ္ဓဘာသာကို ထိခိုက်စေသည့် ယူဆချက်များကြောင့် သာသနာရေးဦးစီးဌာနက တရားရုံးသို့ ဦးတိုက်လျှောက်ထား
မြစ်ကြီးနားဘူတာရုံတိုက်တန်းနံရံတွင် ရေးဆွဲထားသည့် နံရံပန်းချီအား တွေ့ရစဉ်
မြစ်ကြီးနားဘူတာရုံတိုက်တန်းနံရံတွင် ရေးဆွဲထားသည့် နံရံပန်းချီအား တွေ့ရစဉ်
Published 4 April 2020
ထွန်းလင်းအောင် (မြစ်ကြီးနား)

မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် ရေးဆွဲထားသည့် COVID-19 သတိပေး နံရံပန်းချီမှာ ဗုဒ္ဓဘာသာကို ထိခိုက်စေသည့် ယူဆချက်များကြောင့် သာသနာရေးဦးစီးဌာနက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း ပြည်နယ်သာသနာရေး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က ပြောကြားသည်။

လက်ရှိတွင် ဖြစ်စဉ်အကြောင်းအရာများကို ဖော်ပြပြီး ဗုဒ္ဓဘာသာဝင်များအပေါ် စိတ်နှလုံး ထိခိုက်စေသည့်အတွက်ကြောင့် မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က “ ပုံက ကြည့်လိုက်တာနဲ့တင် ရဟန်းဆွမ်းခံထွက်သလိုမျိုး ဖြစ်နေတယ်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း စိတ်မကောင်းဖြစ်စေတယ်။ အဲဒါကြောင့် တရားရုံးကို ဦးတိုက် လျှောက်ခဲ့တာပါ။ ဘာသာ၊ သာသနာကို ညှိုးနွမ်းစေတဲ့ သဘောသက်ရောက်လို့ပါ။ ပုဒ်မကတော့ တရားရုံးက တပ်မှာပေါ့။ တခြားအဖွဲ့တွေက တရားစွဲတာမျိုးတော့ မရှိပါဘူး” ဟု ပြောကြားသည်။

ဧပြီ ၃ ရက်ညနေပိုင်းတွင် မြစ်ကြီးနားမြို့နယ်တရားရုံးမှ တွဲဖက်တရားသူကြီး ဦးဂွန်ဆန်က ရာကြီးအမှတ် ၃၄၁/၂၀၂၀ ဖြင့် လက်ခံဆောင်ရွက်နေကြောင်း သိရသည်။

 မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် COVID-19 သတိပေး နံရံပန်းချီမှာ ဗုဒ္ဓဘာသာကို ထိခိုက်စေသည့် ယူဆချက်များ ရှိသဖြင့် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

နံရံပေါ်တွင် ရေးဆွဲထားသည့်ပုံစံမှာ COVID-19 ရောဂါပိုးကို ကမ္ဘာသို့ သေမင်းက ဖြန့်ဝေသည့်ပုံစံတွင် သေမင်း၏ဝတ်ရုံမှာ အနီရောင်ဖျော့ဖျော့ ဖြစ်သောကြောင့် သင်္ကန်းဝတ်ရုံနှင့် ဆင်တူခြင်း၊ သင်္ကန်းဝတ်ရုံ ကဲ့သို့ ဖြစ်နေခြင်း၊ ရဟန်းတစ်ပါးဆွမ်းခံကြွနေသည့်ပုံစံနှင့် တူနေခြင်းစသည့် ပုံစံတူများကြောင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ၀ိုင်းဝန်းဝေဖန်ကဲ့ရဲ့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြစ်ကြီးနားဘူတာတိုက်တန်းတွင် ရေးဆွဲထားသဖြင့် ကချင်ပြည်နယ် သာသနာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာ့မီးရထား (မြစ်ကြီးနား)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများက ဧပြီ ၃ ရက် နံနက်တွင် လာရောက်စိစစ်မှုများ ရှိခဲ့သည်။

 အဆိုပါနံရံပန်းချီကို ရေးဆွဲသူ ကိုဇေယျာနှောင်းက ကူးစက်ရောဂါအန္တရာယ်ကို သတိပြုကာ ၀ိုင်းဝန်းကာကွယ်ကြရေးအတွက် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ ကျွန်တော်က ပန်းချီကို အပျော်တမ်း ရေးဆွဲနေသူပါ။ ဘာသာရေးကိုထိခိုက်စေတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ သေမင်းကို အနီရောင်ဝတ်ရုံထည့်တာက အန္တရာယ်ကို သတိပေးစေချင်တဲ့ ရည်ရွယ်ချက်ပါပဲ။ သူများတွေ ဝေဖန်သလို သင်္ကန်းဝတ်ရုံနဲ့ တူသွားတယ်ဆိုတာကတော့ သေချာကြည့်ရင် သိသာထင်ရှားပါတယ်။ ပိုက်ထားတာကလည်း မြေအိုးပါ။ သပိတ်မဟုတ်ပါဘူး။ အများတွေ စိတ်မကောင်းဖြစ်တော့ ဒီဟာကို သဘောမတူရင်လည်း ဖျက်ပေးဖို့အဆင်သင့်ပါပဲ” ဟု ဆိုသည်။

နံရံပန်းချီရေးဆွဲထားသည့် တိုက်တန်းမှာ မြစ်ကြီးနားဘူတာ နယ်နိမိတ်အတွင်းဖြစ်၍ ယင်းနံရံပန်းချီကို လက်မခံနိုင်ကြောင်း မြစ်ကြီးနားဘူတာရုံ ရုံပိုင်ချုပ် ဦးခင်သော်က ဆိုသည်။

 ယင်း နံရံပန်းချီကို မွန်းလွဲ ၁ နာရီခန့်က ဆေးအဖြူရောင် သုတ်လိမ်းပြီးဖြစ်ကြောင်း သိရသည်။ ယခင်ကလည်း အလားတူဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့သည်။

ဗုဒ္ဓမြတ်စွာဘုရားပုံပါ ပန်းချီကားကို အမေရိကန်သံရုံးက ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီ ၂၁ မိနစ်တွင် Facebook ၌ စတင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး စတင်ဖော်ပြချိန်မှ ပန်းချီကားအား ပြန်လည်ဖယ်ရှားချိန် ဇူလိုင်၂၇ ရက် မွန်းလွဲပိုင်းအထိ သင်္ကေတဖြင့် မှတ်ချက်ပြုသူ ၅၆၀၀ ကျော်ရှိခဲ့ရာ ၂၈၀၀ ကျော်မှာ စိတ်ဆိုးသည့် သင်္ကေတပေးခဲ့ကြပြီး ပုံမှန်လက်မပုံစံ သင်္ကေတပေးသူ ၁၉၀၀ ကျော်ရှိကာ ကျန်သည့်သင်္ကေတများမှာ ရာဂဏန်းခန့်သာ ရှိသည်။

ပန်းချီကားအား အမေရိကန်သံရုံးအနေဖြင့် Facebook မှ အမြန်ဆုံးပြန်လည်ဖြုတ်ချပြီး ဗုဒ္ဓဘာသာဝင်များအပေါ် ပြန်လည်တောင်းပန်ရန်လည်း တောင်းဆိုမှုများရှိခဲ့ပြီး ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းမှသာ ယင်းပန်းချီကားအား ပြန်လည်ဖယ်ရှားခဲ့ကာ ဖြေရှင်းချက်အား အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent