သရုပ်ဆောင်ညိမ်းသော် ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

သရုပ်ဆောင်ညိမ်းသော် ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 3 April 2020

လူငယ်တိုင်းရဲ့ပခုံးထက်ဆီမှာ မိမိတို့ စိတ်ကူးအိပ်မက် ကိုယ်စီကို ထမ်းပိုးထားတတ်ကြပါတယ်။ လူငယ် အချို့က သေချာခိုင်မာတဲ့ စိတ်ကူးအိပ်မက်တွေကိုပိုင်ဆိုင်ထားသလို တချို့သောလူငယ်တွေကတော့ လက် လှမ်းမီရာအိပ်မက်တချို့ကိုသာ ဆုပ်ကိုင်ရင်း ချီတက်နေကြပြန်ပါတယ်။ ‘ည’ ဇာတ်ကားနဲ့ ပရိသတ်မျက်စေ့ ရှေ့မှောက်ကို စတင်ရောက်ရှိလာခဲ့တဲ့ သရုပ်ဆောင်ညိမ်းသော်က အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ် ကိုင်ခွင့်ရလာရာက မကြာမီမှာတော့ ‘အချစ်၏ နောက်ဆက်တွဲစာမျက်နှာ’ရုပ်သံဇာတ်လမ်းတွဲမှာ ဒေါက်တာ သက်ဇော်နိုင်နေရာကနေ ပါဝင်ခွင့်ရတော့မှာပါ။ ဒီဇာတ်ရုပ်နဲ့ပတ်သက်လို့ ဝေဖန်မှုတချို့လည်းရှိပေမယ့် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ညိမ်းသော်က ဆိုပါတယ်။ အခုတစ်ပတ်မှာတော့ ညိမ်းသော်ပြောပြထားတဲ့ ငယ်ဘဝ အမှတ်တရပုံရိပ်တချို့အကြောင်းကို အမှတ်တရပြန်လည်တင်ဆက်ပေးချင်ပါတယ်။

သရုပ်ဆောင်မော်ဒယ်လ်ညိမ်းသော်က ဧပြီ ၁၃ ရက်မှာ မုံရွာမြို့မှာမွေးဖွားခဲ့သူဖြစ်ပြီး အစ်ကိုနှစ် ယောက်နဲ့ ညီမနှစ်ယောက်ကြားက သားအလတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကလေး ဘဝမှာတော့ညိမ်းသော်က အနေအေးတတ်သလို တစ်ယောက်တည်း ကစားတတ်တာများတယ်လို့ ဆိုပါတယ်။ ညိမ်းသော်ကိုငယ်ရွယ်စဉ်မှာ မိဘများပြောပြကြတဲ့အမှတ်တရကတော့ အသန့်အပြန့် အရမ်းကြိုက်လွန်းတာပါပဲ။ အသက်ငယ်သေးတဲ့အချိန်မှာတောင် ဖိနပ်မစီးပေးရင် အော်ငိုတတ် တယ်လို့လည်း ရယ်မောရင်းဆိုပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါတိုင်းမှာလည်း ငိုတတ်တာကြောင့် ငယ်စဉ်ဘဝရဲ့ဓာတ်ပုံတိုင်းမှာ ငိုနေတဲ့ပုံတွေများတယ်လို့လည်း အမှတ်တရပြောပြခဲ့ပါတယ်။

ငြိမ်းသော်က ကျောင်းပညာရေးအနေနဲ့ အ.ထ.က(၁)မုံရွာမှာ သူငယ်တန်းကနေ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးတဲ့အထိ တက်ရောက်ခဲ့ပါတယ်။ ကျောင်းပညာရေးမှာတော့ သာမန် အဆင့်လောက်ပဲရှိပြီး ထူးချွန်တဲ့အထဲမှာမပါဝင်ဘူးလို့လည်းဆိုပါတယ်။ ကျောင်းနေစဉ်မှာ အမှတ်တရအနေနဲ့ကတော့ အလှကြိုက်တတ်တာလို့လည်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကျောင်း မှာပဲများတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် မှတ်ချက်ပေးခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးချိန်မှာတော့ မိဘများရဲ့စီးပွားရေးနဲ့လည်းနီးစပ်တဲ့ စားဖိုမှူးသင်တန်းတက်ရောက်ဖို့ ရန်ကုန်ကိုရောက်လာဖြစ်တယ်လို့လည်း ဆိုပါတယ်။

‘‘ရှစ်တန်း၊ ကိုးတန်းမှာကတည်းကတော့ အဒေါ်တစ်ယောက်က မဂ္ဂဇင်းတွေ အရမ်းငှား ဖတ်တော့ လိုက်ဖတ်ရင်းနဲ့ မော်ဒယ်လ်လုပ်ဖို့စိတ်ဝင်စားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နယ် မှာနေတဲ့သူ ဖြစ်တော့ အလှမ်းဝေးတယ်လေ။ စိတ်ဝင်စားတယ်ဆိုရုံပဲ။ တကယ်တမ်းကျတော့ အိမ်ကလည်း ဆိုင်ဖွင့်ထားတယ်ဆိုတော့ စားဖိုမှူးသင်တန်းတက်ဖို့ပဲစိတ်ကူးပြီး ရန်ကုန်ကိုလာဖြစ် သွားတာ။ ရန်ကုန်ကိုရောက်လာတဲ့အခါ မော်ဒယ်လ်သူငယ်ချင်းတွေ ခင်မင်ခွင့်ရပြီး သူတို့က လည်းတိုက်တွန်းတာနဲ့ သင်တန်းတက်ဖြစ်ခဲ့တယ်။ အဲဒီကနေပဲ မျှော်လင့်မထားဘဲ အနုပညာ လမ်းကြောင်းပေါ်ရောက်လာခဲ့တာပါ’’ လို့ မော်ဒယ်လ်သရုပ်ဆောင်ညိမ်းသော်ကဆိုပါတယ်။

မော်ဒယ်လ်ညိမ်းသော်က Stars Int’l Models Agency မှာ သင်တန်းတက်ရောက်ခဲ့ပြီး အေဂျင်စီနဲ့လက်တွဲကာ အနုပညာအလုပ်တွေ တွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Mister ပြိုင်ပွဲတစ်ခုမှာ ဆုရခဲ့သလို ရှိုးပွဲများစွာမှာလည်း ပါဝင်လျှောက်လှမ်းဖြစ်ခဲ့ပါတယ်။ မော်ဒယ်လ်တစ်ယောက်အဖြစ် လှုပ်ရှားနေစဉ်မှာပဲ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ ‘ည’ ရုပ်ရှင်ဇာတ် ကားမှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ရွေးချယ်ပါဝင်ခွင့်ရခဲ့ပါတယ်။

‘‘အခက်အခဲတွေတော့ အများကြီးပါပဲ။ တစ်ခါတလေဆိုရင် ဘာဆက်လုပ်ရမှန်းမသိလို့ နယ်ပြန်ရင်ကောင်းမလားဆိုတဲ့ စိတ်ကူးမျိုးလည်းခဏခဏဖြစ်ဖူးတယ်။ ဒါပေမဲ့ မိဘတွေကလည်း အောင်မြင်စေချင်ကြတယ်။ ပရိသတ်အားပေးမှုတချို့လည်းရှိနေတော့ ကိုယ်ရွေးချယ်ထားတဲ့ခရီး လမ်း ကို အောင်မြင်တဲ့အထိဆက်လျှောက်မယ်ဆိုပြီး အားတင်းခဲ့ရတာ။ အဲဒီလိုကိုယ့်ကိုယ်ကိုယ်အား ပေးရင်းနဲ့ အခုလိုရပ်တည်နိုင်လာတာပါ’’ လို့ ညိမ်းသော်က ပွင့်ပွင့်လင်းလင်းဆိုပါတယ်။

အပြုံးချိုချိုကိုပိုင်ဆိုင်ထားပြီး ကိုရီးယားဟန်ပန်လို့ တင်စားခံရတဲ့ငြိမ်းသော်က အနုပညာခရီးလမ်း ရည်ရွယ်ချက်ကိုတော့ ‘‘ကျွန်တော်က အများကြီးကြိုးစားရဦးမှာပါ။ ကျွန်တော့်အနေနဲ့ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် ပုံဖော်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်။ ပရိသတ်ချစ်ခင်အားပေးတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ခွင့်ရချင်ပါတယ်။ အဲဒီအတွက်လည်း အစွမ်းကုန်ကြိုးစားသွားမှာပါ။ လော လောဆယ်တော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင်လည်း လေ့လာနေပါတယ်။ အခွင့်အရေးရခဲ့မယ်ဆို ရင်လည်း ဇာတ်ကားကောင်းတွေမှာ ကြိုးစားပါဝင်ချင်ပါ တယ်’’လို့ ညိမ်းသော်က ဆိုခဲ့ပါတယ်။

သရုပ်ဆောင်ညိမ်းသော်က အခုနှစ်ထဲမှာပဲ စာရေးဆရာမဝင်းဝင်းလတ်ရဲ့ အောင်မြင်တဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့  ‘အချစ်၏နောက်ဆက်တွဲစာမျက်နှာ’ ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပါဝင်ခွင့်ရတော့မှာပါ။ ဒေါက်တာ သက် ဇော်နိုင်ဆိုတဲ့ဇာတ်ရုပ်မှာ ပါဝင်ခွင့်ရတာနဲ့ပတ်သက်လို့ ဝေဖန်မှုတချို့နဲ့ရင်ဆိုင်ခဲ့ရပေမယ့် အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါလို့ ညိမ်းသော်ကဆိုပါတယ်။ လက်ရှိမှာလည်း ရိုက်ကူးရေးတွေ ရပ်နားထားပေမယ့် ဇာတ်ရုပ်အတွက်ပြင်ဆင်မှုတွေ အိမ်နေရင်းလုပ်ဖြစ်နေတယ်လို့ ပြောပြထားပါတယ်။          

ဒီတစ်ပတ်မှာတော့ အနုပညာလမ်းကြောင်းပေါ်မှာ ဖြည်းဖြည်းမှန်မှန်ခြေလှမ်းတွေနဲ့ ကြိုးစားအား ထုတ်နေတဲ့လူငယ်ညိမ်းသော်ရဲ့ ငယ်ဘဝအိပ်မက်တွေနဲ့အခက်အခဲတွေကိုဘယ်လိုဖြတ်သန်းခဲ့လဲဆို တာကို ထုတ်ဖော်တင်ဆက်ခဲ့တာပါ။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်ရဲ့ စိတ်ဝင်စား စရာအကြောင်းအရာတွေကို မေးမြန်း ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော်ဖတ်ရှုပေးစေချင်ပါတယ်။

 

 

 

Most Read

Most Recent