အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်တက်နေသော်လည်း ယူရို-၂၀၂၀ အဖွင့်ပွဲကို ရောမမြို့၌သာ ကျင်းပမည်ဟု UEFA အတည်ပြု

အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်တက်နေသော်လည်း ယူရို-၂၀၂၀ အဖွင့်ပွဲကို ရောမမြို့၌သာ ကျင်းပမည်ဟု UEFA အတည်ပြု
Published 29 February 2020

အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်ခံရမှု မြင့်တက်နေသော်လည်း ယူရို-၂၀၂၀ ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်ကို မူလရေးဆွဲထားသည့်အတိုင်း ရောမမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်အထိ စာရင်းများအရ အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၅၀ ဦးရှိပြီး သေဆုံးသူအရေအတွက်မှာလည်း ၁၇ ဦးအထိ မြင့်တက်လာသောကြောင့် ယခုတစ်ပတ်ကစားမည့် စီးရီးအေပွဲစဉ်များအနက် ငါးပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမည်ဖြစ်သလို အခြားအားကစားပြိုင်ပွဲများစွာကိုလည်း ရွှေ့ဆိုင်းထားရသည်။

သို့သော် UEFA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ''ယူရို-၂၀၂၀ ပြိုင်ပွဲကို ရောမမြို့မှာ ၂၀၂၀ ပြည့်နှစ် ဇွန် ၁၂ ရက်နေ့ ကျင်းပမှာပါ။ UEFA အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအပြင် ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ လက်တွဲဆောင်ရွက်သွားမှာပါ။ အခုလောလောဆယ်မှာတော့ စီစဉ်ထားပြီးသား ပွဲစဉ်ဇယားကို အပြောင်းအလဲလုပ်ဖို့ မလိုသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးညှိနှိုင်းမှုတွေ အမြဲတမ်းလုပ်သွားမှာပါ''ဟု သုံးသပ်ပြောကြားသည်။

ယူရို-၂၀၂၀ ပြိုင်ပွဲကို ဥရောပတစ်ဝန်းရှိ နိုင်ငံ ၁၂ နိုင်ငံမှ မြို့စုစုပေါင်း ၁၂ မြို့တွင် ဇွန် ၁၂ ရက်မှ ဇူလိုင် ၁၂ ရက်အထိ တစ်လကြာ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်ကို ဇွန် ၁၂ ရက်တွင် ရောမမြို့ရှိ အိုလံပီကိုကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် အီတလီနှင့် တူရကီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ထို့ပြင် အိုလံပီကိုကွင်း၌ အီတလီ-ဆွစ်ဇာလန်၊ အီတလီ- ဝေးလ်စ် ပွဲစဉ်များအပြင် ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲကိုပါ ထပ်မံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု စတင်ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော စီးရီးအေပွဲစဉ်လေးပွဲ၊ စီးရီးဘီ၊ စီးရီးစီ၊ အပျော်တမ်း၊ လူငယ်နှင့် အမျိုးသမီးဘောလုံး ပြိုင်ပွဲ စုစုပေါင်း ၄၀ ကျော်ကို ရွှေ့ဆိုင်းခဲ့ရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၇ ရက်က အင်တာမီလန်နှင့် လူဒိုဂိုရတ်စ်အသင်းတို့ကစား သည့် ယူရိုပါလိဂ်ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရသလို ယခုတစ်ပတ် စီးရီးအေ ပွဲစဉ်များအနက် ဂျူဗင်တပ်စ်-အင်တာမီလန်၊ အူဒီးနီးစ်-ဖီအိုရင်တီးနား၊ အေစီမီလန်-ဂျီနို အာ၊ ပါးမား-SPAL၊ ဆာဆူအိုလို-ဘရက်စီယာပွဲများကို ကွင်းပိတ်ကစားမည်ဖြစ်သည်။

 

Most Read

Most Recent