တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် အတည်ပြု ခန့်အပ်ပေးလိုက်သည့် လွှတ်တော်အား တာဝန်ခံရခြင်း မရှိဘဲ နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံသဖြင့် ဗဟိုချုပ်ကိုင်မှုအောက် ရောက်ရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် အတည်ပြု ခန့်အပ်ပေးလိုက်သည့် လွှတ်တော်အား တာဝန်ခံရခြင်း မရှိဘဲ နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံသဖြင့် ဗဟိုချုပ်ကိုင်မှုအောက် ရောက်ရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 28 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် အတည်ပြုခန့်အပ် ပေးလိုက်သည့် လွှတ်တော်အား တာဝန်ခံရခြင်း မရှိဘဲ နိုင်ငံတော် သမ္မတကိုသာ တာဝန်ခံသဖြင့် သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် ကျရောက်နေပြီး ဗဟိုချုပ်ကိုင်မှုအောက် ရောက်ရှိနေကြောင်း မွန်ညီညွတ်ရေးပါတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သီဟက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သီဟက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မူလဥပဒေပြင်ဆင်ချက်အရ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ အတည်ပြုပေးသည် ဆိုသော်လည်း ဝန်ကြီးချုပ်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များမှ ရွေးချယ်ပေးသူ မဟုတ်သလို အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ ရွေးချယ်ခွင့် မရခဲ့ပါဘူး။ ဝန်ကြီးချုပ်ကို သမ္မတမှ ရွေးချယ်ပေးသူအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က သတ်မှတ်အရည်အချင်း ပျက်ယွင်းသူ မဟုတ်ရင် ကန့်ကွက်နိုင်ခြင်းမရှိ အတည်ပြုပေးရပါတယ်” ဟု ဦးနိုင်သီဟက ဆွေးနွေးသည်။

ထို့ပြင် ဝန်ကြီးချုပ်မှ ရွေးချယ်တင်ပြလာသူအား ဝန်ကြီးများအဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များက အတည်ပြုပေးရခြင်းသည် အများပြည်သူ၏ ဆန္ဒကို တာဝန်ခံမှု အားနည်းစေကြောင်း ဦးနိုင်သီဟက ပြောကြားသည်။

“သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် လည်းကောင်း မိမိတို့အား အတည်ပြု ခန့်အပ်ပေးလိုက်သည့် လွှတ်တော်အား တာဝန်ခံရခြင်း မရှိဘဲ နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့သည် သမ္မတ၏ အုပ်ချုပ်မှုအောက်မှာ လုံးလုံးလျားလျား ကျရောက်လျက် ရှိနေပါသဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တို့၏ အမြင့်ဆုံး စီမံခန့်ခွဲရသည့် အစိုးရမှာ ဗဟို၏ ချုပ်ကိုင်မှုအောက်မှာ ရောက်ရှိနေသည်ကို တွေ့ရှိရပါတယ်” ဟု ဆွေးနွေးခဲ့သည်။

အထက်ပါ အကြောင်းအရာများကြောင့် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦး လက်မှတ်ရေးထိုး တင်သွင်းထားသည့် ဥပဒေမူကြမ်းကို ထောက်ခံကြောင်းနှင့် ပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ)ကို ပယ်ဖျက်ရန် မသင့်ဘဲ နိုင်ငံတော်သမ္မတသည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ စစ်သေနာပတိချုပ် ဖြစ်သည်ဟု အစားထိုး ဆန္ဒပြုလိုကြောင်း ဦးနိုင်သီဟက ဆွေးနွေးခဲ့သည်။