ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထည်ချုပ်လုပ်ငန်းများတွင် အလုပ်သမားများအတွက် အလုပ်ချိန်၊ အလုပ်ရက်လျှော့ချခြင်းနှင့် လစာပေးရန် အခက်အခဲရှိနေခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးထားမှုများကို UMFCCI က ဦးဆောင်ပြီး အစိုးရထံတင်ပြမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထည်ချုပ်လုပ်ငန်းများတွင် အလုပ်သမားများအတွက် အလုပ်ချိန်၊ အလုပ်ရက်လျှော့ချခြင်းနှင့် လစာပေးရန် အခက်အခဲရှိနေခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးထားမှုများကို UMFCCI က ဦးဆောင်ပြီး အစိုးရထံတင်ပြမည်
  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လတ်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရန် ဆွေးနွေးပွဲကျင်းပနေမှုကို တွေ့ရစဉ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လတ်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရန် ဆွေးနွေးပွဲကျင်းပနေမှုကို တွေ့ရစဉ်
Published 27 February 2020
ဇေယျာငြိမ်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းများအနေဖြင့် အလုပ်သမားများအတွက် အလုပ်လုပ်ချိန်၊ အလုပ်ရက်များ လျှော့ချခြင်းနှင့် လုပ်ခလစာပေးရန် အခက်အခဲများရှိနေခြင်းကို လုပ်ငန်းရှင်များ ဆွေးနွေးခဲ့ကြပြီး UMFCCI က ဦးဆောင်၍ အစိုးရတာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် UMFCCI က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI နှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းများအသင်းချုပ်တို့ ပူးပေါင်း၍ တရုတ်နိုင်ငံတွင်ဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လတ်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရန်အတွက် ဆွေနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်က UMFCCI တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် UMFCCI ဥက္ကဋ္ဌ ဦး ဇော်မင်းဝင်းနှင့် အသင်းချုပ်မှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအထည်ချုပ် အသင်းချုပ်ဥက္ကဋ္ဌ ဦးမြင့်စိုးတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး လတ်တလောအခြေအနေများကြောင့် ပြည်တွင်းတွင်လုပ်ကိုင်နေသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၏ လုပ်ငန်းဆက်စပ် လည်ပတ်ရန်အခက်အခဲများ၊ အလုပ်သမားများအတွက် အလုပ်ချိန်နှင့်အလုပ်ရက်များ လျှော့ချခြင်းနှင့် လုပ်ခလစာပေးရန်အခက်အခဲများ ကို တင်ပြဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို UMFCCI က ဦး ဆောင်၍ အစိုးရတာဝန်ရှိသူများထံ ပြင်ဆင်တင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်၏ အကျိုးဆက်ကြောင့် အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ကုန်ကြမ်းပစ္စည်းများပြတ်လတ်ခြင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ခရီးသွားဧည့်သည်များ ကျဆင်းခြင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍတွင် နယ်စပ်၌ ကုန်ပစ္စည်းတင်ပို့မှုများ ရပ်တန့်နေခြင်း စသည့်အခက်အခဲများကို ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံမှ ကုန်ကြမ်းအဓိကတင်သွင်းနေရသည့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ မတ်လဆန်းအထိသာ ကုန်ကြမ်းရှိပြီး ဧပြီလကုန်အထိ ကုန်ကြမ်းမတင်သွင်းနိုင်ပါက လုပ်ငန်းများယာယီရပ်ဆိုင်းနိုင်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က UMFCCI ရုံးချုပ်ရှိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအ သင်းရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်းများသည် တရုတ်နိုင်ငံမှ အဓိကကုန်ကြမ်းတင်သွင်းနေခြင်းဖြစ်သည်။ လက်ရှိတရုတ်နိုင်ငံတွင် ဖြစ်နေသည့် ကိုရိုနာဗိုင်းရပ်စ်အခြေအ နေများကြောင့် ကုန်ကြမ်းရရှိမှုမှာ လာမည့်ဧပြီလအထိ အခက်အခဲရှိနိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကုန်ကြမ်းများမရရှိပါက   ပြည်တွင်းအထည်ချုပ်လုပ်ငန်းများမှာ ယာယီရပ်ဆိုင်းသွားရဖွယ်ရှိကြောင်း သိရသည်။

“သူတို့မှန်းတာတော့ ဧပြီလအကုန်အထိပေါ့။ ကိုရီးယားဘက်ကလည်း မှန်းတယ်။ တရုတ်လုပ်ငန်းရှင်ဘက်ကလည်း မှန်းတယ်။ ဒီလိုယာယီဖြစ်တဲ့ဟာမျိုးကို အခုလောလောဆယ်ဖြစ်တဲ့ အလုပ်ချိန်လျှော့ချခြင်း၊ အလုပ်လုပ်ရပ်လျော့ချခြင်းနဲ့ အဆင်ပြေလိမ့်မယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက မျှော်လင့်ပါတယ်။ အဲလိုမပြေခဲ့ရင် လုပ်သားအင်အား လျှော့မယ်။ လုပ်သားအင်အားလျှော့လို့မှ ကိုရိုနာဗိုင်းရပ်စ်က ကာဗာမဖြစ်နိုင်သေးဘူး။ ကုန်ကြမ်းမရောက်လာသေးဘူးဆိုရင် ယာယီပိတ်ပါမယ်။ အပြီးပိတ်ဖို့တော့ မဖြစ်နိုင်ဘူးလို့ပြောလို့ရပါတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

ဧပြီလ၌ တရုတ်နိုင်ငံဘက်မှ ကုန်ကြမ်းစတင်ထုတ်လုပ်နိုင်ခဲ့သည်ရှိသော်လည်း  မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ အထည်အလိပ်ကုန်ကြမ်း မှာယူတင်သွင်းနေသော အခြားနိုင်ငံများနှင့် ကုန်ကြမ်းရရှိရန် ယှဉ်ပြိုင်သွားရမည့် အခက်အခဲများရှိနေသေးကြောင်း သိရသည်။

ထို့ကြောင့် လာမည့်ဧပြီလအထိ နှစ်လအတွင်း ကုန်ကြမ်းမရရှိနိုင်သေးကြောင်း၊ မေလနှင့် ဇွန်လများတွင်လည်း ကုန်ကြမ်းရရှိရန်အတွက် စိန်ခေါ်မှုများ ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။                                       

 

 

Most Read

Most Recent