ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးရာ၌ လွှတ်တော်ကိုယ်စားလှယ်များ ဂုဏ်သိက္ခာနှင့် လျော်ညီရန်လိုပြီး လွန်လာပါက ဥပဒေအရ တရားစွဲဆိုအရေးယူနိုင်ဟု ပြည်ထောင်စုလွှတ်တော် နာယက သတိပေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးရာ၌ လွှတ်တော်ကိုယ်စားလှယ်များ ဂုဏ်သိက္ခာနှင့် လျော်ညီရန်လိုပြီး လွန်လာပါက ဥပဒေအရ တရားစွဲဆိုအရေးယူနိုင်ဟု ပြည်ထောင်စုလွှတ်တော် နာယက သတိပေး
Published 27 February 2020
အောင်မင်းသိန်း၊  ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးရာ၌ လွှတ်တော်ကိုယ်စားလှယ်များ ဂုဏ်သိက္ခာနှင့် လျော်ညီရန်လိုသည့်အပြင် ဥပဒေပြုသမားများနှင့် လျော်ညီအောင်လည်း ဆွေးနွေးရန်လိုအပ်ပြီး လွန်လာပါက ဥပဒေအရ တရားစွဲဆိုသောအဆင့်အထိ အရေးယူနိုင်သည့် အနေအထားရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုး၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူ ကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ်ဆွေးနွေးမှုနှင့်ပတ်သက်၍ တပ်မတော်သားကိုယ် စားလှယ်နှစ်ဦးက မတ်တတ်ရပ် ကန့်ကွက်ခဲ့ခြင်းအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကအထက်ပါကဲ့သို့ သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

“တစ်ဖက်ကို ပုတ်ခတ်တဲ့ အနေအထား မျိုးမဖြစ်အောင်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီအောင်၊ ဥပဒေပြုသမားတွေနဲ့ လျော်ညီအောင် ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ မနက်ဖြန်လည်း ဆက်လက်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့အချိန်မှာလည်း ပြောပြီးသားဖြစ်ပါတယ်။ နာယကအနေနဲ့ စီမံခန့်ခွဲရေးအရ အရေးယူလို့ရသလို သူ့အဆင့်လိုက်ရှိပါတယ်။ သိပ်လွန်လာရင် ဥပဒေအရ တရားစွဲဆိုတဲ့အဆင့်အထိ အရေးယူနိုင်တဲ့ အနေအထားမျိုးရှိပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

အထက်ပါကဲ့သို့ အခြေအနေမျိုးကို မိမိအနေဖြင့်မလိုလားဘဲ အားလုံးသည် တိုင်းပြည်အတွက် ၀ိုင်းဝန်းဆွေးနွေးဆောင်ရွက်သည့် အချိန်တွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် အမြင်မတူသော်လည်း တစ်ယောက်နှင့်တစ်ယောက် ဂုဏ်သိက္ခာချသည့်  အရာမျိုး၊ ပုတ်ခတ်သည့် အရာမျိုးများ မပါစေရန် အနူးအညွတ်တောင်းပန်လိုကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးသည့် နေရာတွင် မိမိ၏ စိတ်ဆန္ဒတစ်ခုတည်းကိုသာ ဦးတည်၍ ဆွေးနွေး၍မရဘဲ ဥပဒေပြုလွှတ်တော်အနေနှင့်သိရှိရမည့် အပိုင်းသည် ဥပဒေကြမ်းအပေါ်တွင် မူတည်ပြီး ဆွေးနွေးသည့် အနေအထားပြောင်းသွားခြင်း၊ လုပ်ထုံးလုပ်နည်း ပြောင်းသွားခြင်းများကို သိရှိရန် လိုအပ်ကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။

“အခုဆွေးနွေးနေတာက မိမိတို့ ဒါဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးနေတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့အပိုင်းမှာ သုံးနှုန်းတဲ့ အသုံးအနှုန်းလည်း ကြည့်ပါ၊ မူကြမ်း၊ ဥပဒေကြမ်းလို့ မပြောပါဘူး။ ဥပဒေမူကြမ်းဆွေးနွေးတဲ့ကိစ္စမှာ သက်ဆိုင်တဲ့ပုဒ်မနဲ့ပတ်သက်တဲ့ကိစ္စတွေပဲ ဆွေးနွေးရမယ်လို့လည်း သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်” ဟု ဦးတီခွန်မြတ်က ပြောကြားသည်။

ထို့ပြင် ဆက်လက်ဆွေးနွေးသွားရမည့် အပိုင်းများကို လွတ်လွတ်လပ်လပ်နှင့် ဘောင်အတွင်းမှ  ဆွေးနွေးနိုင်ရန် အားလုံး ဆင်ဆင်ခြင်ခြင် ဥပေဒနှင့်အညီ သတ်မှတ်ပေးထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ လွတ်လွတ်လပ်လပ် ဆွေးနွေး၍ရကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့်ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေးသည့်ရက်ပေါင်း သုံးရက်ရှိသွားပြီဖြစ်ကာ ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ် ၂၈၂ ဦးမှလျှော့၍ ကိုယ်စားလှယ်ဦးရေ ၁၄၉ ဆွေးနွေးရန် ခွင့်ပြုပေးခဲ့ပြီး လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၉ ဦးအထိ ဆွေးနွေးခဲ့ပြီးဖြစ်သည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် သုံးနှုန်းခဲ့သည့် စကားရပ်များနှင့်ပတ်သက်၍လည်း လွှတ်တော်အတွင်း မတ်တတ်ရပ်ကန့်ကွက်မှုများနေ့စဉ်ရှိနေပြီး ထိုသို့ကန့်ကွက်သည့် စကားရပ်အချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခြင်းများပြု လုပ်လျက်ရှိသည်။