ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိုအပ်သော ကုန်ကြမ်းမရရှိနိုင်ဟုဆိုကာ Luckysky Bags အိတ်စက်ရုံ ပိတ်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိုအပ်သော ကုန်ကြမ်းမရရှိနိုင်ဟုဆိုကာ Luckysky Bags အိတ်စက်ရုံ ပိတ်သိမ်း
Published 27 February 2020
ရှိုင်းလင်းအောင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိုအပ်သည့် ကုန်ကြမ်းပြတ်လပ်သည်ဆိုသော အကြောင်းပြချက်ဖြင့် Luckysky Bags စက်ရုံ ပိတ်သိမ်းကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်ရှိ Luckysky Bags စက်ရုံတွင် တရုတ်နိုင်ငံ၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ပြဿနာနှင့် ဆက်စပ်၍ လိုအပ်သော ကုန်ကြမ်းပစ္စည်းများ မရရှိခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိနေကြောင်း၊ အလုပ်သမားများက ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက် အထိ ၁၁ ရက်ကြာ ဆန္ဒပြခဲ့သည့်အတွက် အော်ဒါများ အချိန်မှီ မပြီးစီးနိုင်ဘဲ တင်ပို့မှု နောက်ကျခဲ့သဖြင့် လက်ရှိတွင် အော်ဒါရရှိခြင်း မရှိသောကြောင့် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာ စက်ရုံအား ပိတ်သိမ်းလိုက်ကြောင်း စက်ရုံဘက်က ကြေညာချက် ထုတ်ပြန်ထားသည်။

စက်ရုံပိတ်သိမ်းရာတွင် EC စာချုပ် (အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်) ပါ စည်းကမ်းချက်အရ တစ်လကြိုတင် အကြောင်းကြားနိုင်ခြင်း မရှိသဖြင့် စက်ရုံဝန်ထမ်းအားလုံးအတွက် နို့တစ်ကြေး တစ်လစာ၊ လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်သေးသည့် ဝန်ထမ်းများအတွက် အလုပ်ထုတ်နစ်နာကြေး လဝက်စာ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ လက်ကျန် လုပ်သက်ခွင့် ရက်များအား လုပ်သက်အလိုက် တွက်ချက်၍ ခွင့်ရက်အလိုက် ရသင့်သည့် Day ကြေး၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၃ ရက်အထိ အလုပ်ဆင်းခဲ့သည့် အချိန်ပိုကြေး အပါအဝင် လုပ်ခလစာတို့အား ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပေးမည်ဖြစ်ကြောင်း စက်ရုံဘက်က ကြေညာထားသည်။

စက်ရုံပိတ်သိမ်းမည်ဖြစ်၍ အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးပေးမည် ဖြစ်သော်လည်း အလုပ်သမားများမှာ လုပ်ငန်းတည်မြဲရေးအတွက် ဆက်လက် လုပ်ကိုင်လိုကြောင်း သိရသည်။

“သူတို့ပေးတဲ့ နစ်နာကြေးက ညီမတို့အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ စက်ရုံဖွင့်တာက တစ်နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်မတို့က လျော်ကြေးထက်စာရင် အလုပ်ပဲ ပြန်လုပ်ချင်တာ” ဟု Luckysky Bags စက်ရုံအလုပ်သမား မချစ်စုက ပြောကြားသည်။

Luckysky Bags အိတ်စက်ရုံတွင် အလုပ်သမား ၆၄၂ ဦးရှိသည့်အနက် အလုပ်သမား ၃၅၀ ကျော်သည် တောင်းဆိုချက် ၁၇ ချက်ရရှိရန် စက်ရုံရှေ့၌ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုသို့ ဆန္ဒထုတ်ဖော် တောင်းဆိုသည့် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များအား အခြားစက်ရုံများသို့ ဖြန့်ဝေထားသည့်အတွက် အလုပ်သစ် လျှောက်ရာတွင် အခက်အခဲများရှိကြောင်း သိရသည်။

 

Most Read

Most Recent