ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ဂ) အား ပယ်ဖျက်ခြင်းမပြုသင့်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ဂ) အား ပယ်ဖျက်ခြင်းမပြုသင့်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
Published 27 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ဂ) အား ပယ်ဖျက်ခြင်း မပြုသင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် မူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်နေမျိုးအောင်နှင့် ဗိုလ်မှူးကြီး ကောင်းကျော်တို့က ယင်းကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီး တပ်မတော်အပါအဝင်ဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအပေါ် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်ကြပ်မတ်မှုများနဲ့ ပါတီ၊ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများရဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှု မရှိစေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများသည် တပ်မတော်၏ အရန်အင်အားဖြစ်ပြီး နိုင်ငံအကျိုးကို တပ်မတော်နဲ့အတူ လက်တွဲဆောင်ရွက်ရမယ့် အဖွဲ့အစည်းများဖြစ်တဲ့အတွက်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးကိစ္စရပ်များမှာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို စနစ်တကျ ကွပ်ကဲကြပ်မတ်နိုင်ရန်အတွက်လည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်ကြောင်း ပုဒ်မ ၂၀(ဂ) မှာ ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်နေမျိုးအောင်က ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးဆုံး၍ ထာဝရငြိမ်းချမ်းရေး ရရှိလာချိန်တွင် နိုင်ငံတော်အတွင်း တရားဝင်လက်နက်ကိုင် အဖွဲ့အစည်းများသာ ရှိတော့မည်ဖြစ်ကြောင်း၊ တပ်မတော်သည်လည်း တစ်ခုတည်းသော တပ်မတော်သာ ဖြစ်ရမည်ဖြစ်သည့်အတွက် မူရင်းပြဋ္ဌာန်းချက်တွင် ပြည့်စုံလုံလောက်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် Civil Security Force ဖြစ်သော်လည်း လက်ရှိကာလ မြန်မာနိုင်ငံတွင် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများ၏ အန္တရာယ်သည် နိုင်ငံအနှံ့ရှိသောကြောင့် ပြည်သူများ၏ အကာအကွယ်ပေးရန် Law Enforcement လုပ်ငန်း၊ Rule of Law လုပ်ငန်းတို့အပြင် လုံခြုံမှုထိန်းသိမ်းရေးလုပ်ငန်းများကိုပါ ထမ်းဆောင်ရသည့်အတွက် Paramilitary Force ကဲ့သို့သော နယ်ခြားစောင့်ရဲတပ်ဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိသောကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုအောက်တွင်သာ ထားရှိသင့်ကြောင်း ဗိုလ်မှူးချုပ်နေမျိုးအောင်က ပြောကြားသည်။

“ယနေ့အချိန်မှာ ARSA လို နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့အစည်းများရဲ့ တိုက်ခိုက်မှုများကိုပါ ကာကွယ်ဖို့လိုအပ်သောကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးထားရှိခြင်းဟာ နိုင်ငံနဲ့ပြည်သူအတွက် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်နေမျိုးအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် တပ်မတော်သည် Institution အခိုင်အမာရှိပြီးသား အဖွဲ့အစည်းဖြစ်ပြီး ခိုင်မာမှုရှိသည့် အဖွဲ့အစည်းကို ဦးစီးပြီးဆောင်ရွက်နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စီမံခန့်ခွဲမှုအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ထားရှိရခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်နေမျိုးအောင်က ပြောကြားသည်။

ထို့ပြင် တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကောင်းကျော်က နိုင်ငံတော်အခြေခံမူများထဲမှ ပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၂၆ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၃၉ တို့ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ မပြုသင့်ဘဲ မူလပြဋ္ဌာန်းချက်များ အတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးသည်။

“တပ်မတော်ဆိုတာ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။ ပြည်ပအန္တရာယ်တွေကို ကာကွယ်ရေးဟာ တပ်မတော်က ဦးဆောင်ရမှာဖြစ်ပြီး ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်ရာမှာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးအားကောင်းခိုင်မာစေဖို့ ပါဝင်ဆောင်ရွက်ကြမယ့် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်စေရေးအတွက် တပ်မတော်ကို စီမံဆောင်ရွက်ခွင့် ပေးထားတာဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဗိုလ်မှူးကြီးကောင်းကျော်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(ဂ) တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဟု ပြဋ္ဌာန်းထားပြီး ယခုဒုတိယပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၂၀(ဂ) ကို ပယ်ဖျက်ရန် ပြင်ဆင်ချက် တင်သွင်းထားသည်။