လက်ရှိတွင် ခေတ်သစ် ကိုလိုနီများကြောင့် နိုင်ငံ့အချုပ်အခြာအာဏာကို မဆုံးရှုံးရန် ဆောင်ရွက်နေရပြီး ယင်းအခြေအနေတွင် တပ်မတော်သားကိုယ်စားလှယ်များကို လျှော့ချမည်ဆိုပါက မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

လက်ရှိတွင် ခေတ်သစ် ကိုလိုနီများကြောင့် နိုင်ငံ့အချုပ်အခြာအာဏာကို မဆုံးရှုံးရန် ဆောင်ရွက်နေရပြီး ယင်းအခြေအနေတွင် တပ်မတော်သားကိုယ်စားလှယ်များကို လျှော့ချမည်ဆိုပါက မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး
Published 25 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်တွင်း ရေးကို ဝင်ရောက်ခြယ်လှယ်လိုသည့် ခေတ်သစ်ကိုလိုနီများနှင့် ၎င်းတို့၏ လက်ဝေခံ ပြည်တွင်းပြည်ပပုဆိန်ရိုးများကြောင့် နိုင်ငံ့အချုပ်အခြာအာဏာကို ပြန်လည် မဆုံး ရှုံးရန်ဆောင်ရွက်နေရသည့် အခြေအနေဖြစ်ပြီး ယင်းအခြေအနေတွင် တပ်မတော်သားကိုယ်စားလှယ်များကို လျှော့ချမည်ဆိုပါက မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း တပ်မတော် သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးထက်လင်းက ဆွေးနွေးသည်။

ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၌ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလသည် မိမိတို့နိုင်ငံအနေ ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်ဖြစ်ပြီး ပြည်သူများ လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် ကြိုးစားနေသလို တစ်ဖက်တွင်လည်း ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုသည့် ခေတ်သစ်ကိုလိုနီများနှင့် ၎င်းတို့၏ လက်ဝေခံ ပြည်တွင်းပြည်ပပုဆိန် ရိုးများကြောင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာပြန်လည်မဆုံးရှုံးရအောင် ဆောင်ရွက်နေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆွေးနွေးသည်။

“ဒီလိုအခြေအနေမျိုးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို လျော့ ချလိုက်မည်ဆိုပါက မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ သို့ဖြစ်ပါ၍ လက်နက်ကိုင်ပဋိပက္ခများ ချုပ် ငြိမ်းပြီး ထာဝရအေးချမ်းသာယာရေး၊ လုံခြုံ ရေးနဲ့တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား ပြည်သူအားလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဂရုပြုဦးတည်ဆောင်ရွက်ရမယ့် အချိန်သာဖြစ်တဲ့အတွက် ပုဒ်မ ၁၄ အား ပြင်ဆင်ရန်မသင့်ကြောင်းနဲ့ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးတင်ပြအပ်တယ်” ဟု ဗိုလ်မှူး ထက်လင်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄ ကို  ပြင်ဆင်ရန်တင်ပြခြင်းနှင့်စပ်လျဉ်း၍ မူလ ဥပဒေပြဋ္ဌာန်းချက်များသည် တင်ပြပါအတိုင်း ဥပဒေပြုလွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ရန် ပြဋ္ဌာန်း ထားခြင်းဖြစ်ပြီး ပြင်ဆင်ရန်တင်ပြထားသည့် ဥပဒေကြမ်းတွင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များကို လွှတ်တော်သက်တမ်းအလိုက် ရာခိုင်နှုန်း လျော့ချသွားရန် ပြင်ဆင်ထားခြင်းနှင့်ပတ်သက်ပြီး ယင်းပုဒ်မကို ပြဋ္ဌာန်းရသည့် အကြောင်းအရင်းများကို လေ့လာသုံးသပ်ကြည့်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

“လက်ရှိနိုင်ငံရေးအခြေအနေကို လေ့လာကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆောင်ရွက်ခဲ့ရာမှာ သက်တမ်းအားဖြင့် ကိုးနှစ်ခန့်သာရှိသေးပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိအောင် ဆောင် ရွက်နေဆဲ ကာလဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများ၊ ပြည်ပ ပရောဂနဲ့ ဝင်ရောက်စွက်ဖက်မှုများ ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်သောင်း ကျန်းမှုများ၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံ ရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေပြီး နိုင်ငံတာ်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားရန် ကြံရွယ်လုပ်ဆောင်မှုများလည်း ရှိနေကြောင်း ထင်ထင်းရှားရှားတွေ့ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးထက်လင်းက ဆိုသည်။