သာကေတနှင့် သန်လျင်ကို ဆက်သွယ်မည့် ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ် (၃) တည်ဆောက်နေမှု သုံးနှစ်အတွင်း ပြီးစီးမည်

သာကေတနှင့် သန်လျင်ကို ဆက်သွယ်မည့် ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ် (၃) တည်ဆောက်နေမှု သုံးနှစ်အတွင်း ပြီးစီးမည်
 ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ်(၃) တည်ဆောက်ရေးလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ်(၃) တည်ဆောက်ရေးလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 25 February 2020
အောင်မျိုးသန့်

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်ကို ဆက်သွယ်မည့်  ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ် (၃) တည်ဆောက်နေမှု သုံးနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

“သန်လျင်ဒေသနဲ့ပတ်သက်ပြီးတော့  ကျွန်တော်တို့အနည်းငယ်ပြောကြားပါရစေ။  ကျွန်တော်တို့က သန်လျင်ဒေသကိုဆက်လက်ပြီးတော့ Smart City အနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစီအစဉ်တွေရှိပါတယ်။ အခုလက်ရှိ သန်လျင်လမ်းမကြီးနဲ့ ဆက်စပ်နေတဲ့ သန်လျင်တံတားအမှတ် (၃) တည် ဆောက်နေတာရှိပါတယ်။ သုံးနှစ်အတွင်း ပြီးစီးပါမယ်။ သန်လျင်တံတားအမှတ်(၃) ကလည်း Cable Steel နဲ့ Fly Over တွေ ပါဝင်ပြီးတော့ ပြီးစီးသွားရင် အင်မတန်မှ မြန်မာနိုင်ငံရဲ့ အလှဆုံးတံတားတစ်စင်းဖြစ်လာမှာ ဖြစ်ပါတယ်။ သန်လျင်မြို့ရဲ့ ဂုဏ်ကျက်သရေဆောင် တံတားကြီးဖြစ်လာပြီးတော့ ဒီအပေါ်မှာ မော်တော်ယာဉ်အားလုံး ဖြတ်သန်းသွားလာပေးမှာဖြစ်တဲ့အတွက် ဒါသည် သန်လျင်မြို့အတွက် မကြာခင်မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ အထောက်အကူပြုလာမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးဒေါက်တာကျော်လင်းက ပြောကြားသည်။

သန်လျင်တံတားအမှတ်(၃)တည် ဆောက်မှုအား ဂျပန်နိုင်ငံအစိုးရ၏ ODA ချေးငွေဖြင့် တည်ဆောက်နေကြောင်း၊ စီမံကိန်းအား Package 1, 2 & 3 အဖြစ် အဆင့်လိုက် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

သန်လျင်တံတားအမှတ် (၃)ကို ပဲခူးမြစ်ပေါ်ဖြတ်သန်း၍ သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး သန်လျင်တံတားအမှတ် (၁)၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားအရှည်မှာ ၁၉၂၈ မီတာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာ ရှည်လျားကြောင်း၊ သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ မီတာ ၃၀၀ ရှိကာ  သန်လျင်ဘက်ခြမ်းတွင် ၄၀၄ မီတာဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Fly Over Bridge ချဉ်းကပ်တံတားအပိုင်းတွင် သာကေတဘက်ခြမ်း၌ ၅၄၇ မီတာရှိပြီး လေးလမ်းသွား ပင်မတံတားအကျယ်မှာ ၂၄ မီတာ၊ နှစ်လမ်းသွား Fly Over Bridge အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း) နှင့်တစ်လမ်းသွား One Ramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍ တက်မည့်လမ်း)ဖြစ်ကြောင်း  သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်က သန်လျင်မှ သီလဝါအထူးစီးပွားရေးဇုန်အထိ ဆက်သွယ်ဖောက်လုပ်ထားသည့် သန်လျင်- သီလဝါ လေးလမ်းသွားကတ္တရာလမ်းမသစ်ကြီး ဖွင့်လှစ်ခဲ့ပြီး ယင်းလမ်းမကြီးမှာလည်း ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် ဖောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

 

Most Read

Most Recent