အုပ်စုအဆင့်မှ တက်လိုပါက လာအိုတိုယိုတာအသင်းကို မဖြစ်မနေအနိုင်ကစားရန်လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်အသင်းနည်းပြချုပ် ပြောကြား

အုပ်စုအဆင့်မှ တက်လိုပါက လာအိုတိုယိုတာအသင်းကို မဖြစ်မနေအနိုင်ကစားရန်လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်အသင်းနည်းပြချုပ် ပြောကြား
Photos: Yangon Utd
Photos: Yangon Utd
Published 25 February 2020

 

၂၀၂၀ AFC Cup ပြိုင်ပွဲ အုပ်စု (F) ၏ ပထမအကျော့အဖြစ် ဖေဖော်ဝါရီ (၂၅)ရက် (ယနေ့) မွန်းလွဲ (၃း၃၀)နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအိုကလပ် လာအိုတိုယိုတာအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စုမှတက်လိုပါက လာအိုတိုယိုတာအသင်းနှင့် ပွဲကို မဖြစ်မနေအနိုင်ကစားရန်လိုအပ်ကြောင်း ရန်ကုန်ယူ နိုက်တက်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ (၂၄)ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ပြုလုပ်ခဲ့ပြီး နှစ်ဖက် အသင်းနည်းပြချုပ်နှင့် ကစားသမားတစ်ဦးစီ တက်ရောက်ခဲ့ကြသည်။ 

''အုပ်စုအဆင့်ကတက်ဖို့ဆိုရင် မနက်ဖြန်ပွဲစဉ်က မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲစဉ်ဖြစ်ပါတယ်။ သေချာတာကတော့ ကျွန်တော်တို့မှာ အိမ်ကွင်းအားသာချက်ရှိတယ်။ လာအိုတိုယိုတာအသင်းဆိုတာကလည်း ခြေစစ်ပွဲအဆင့်မှာ တွေ့ခဲ့တဲ့ ဘရူနိုင်းအသင်းထက်ပိုပြီး အဆင့်မြင့်တဲ့အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်း ပိုပြီးကြိုးစားရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပြည်တွင်းကစားသမားတွေက ကောင်းသလို ပြည်ပကစားသမားတွေကလည်း သတိထားထိန်းချုပ်ကစားရမယ့်သူတွေဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အုပ်စုအဆင့်ကတက်ဖို့ဆိုရင် ဒီပွဲကိုအနိုင်ရဖို့ လိုအပ်တယ်။ ဒါကြောင့် လာအိုတိုယိုတာအသင်းကို ကျွန်တော်တို့ အနိုင်ရအောင် ကစားသွားမှာပါ''ဟု ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောကြားသည်။ 

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၀ AFC Cup ပြိုင်ပွဲတွင် အာဆီယံဇုန် Play-off ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ဘရူနိုင်းကလပ် အင်ဒရာအသင်းကို နှစ်ကျော့စလုံးအနိုင်ယူကာ နှစ်ကျော့ ပေါင်း (၉-၂)ဂိုးဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုအဆင့် ပထမပွဲအဖြစ် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်းနှင့် အိမ်ကွင်းယှဉ် ပြိုင်ကစားခဲ့ရာ (၂)ဂိုးစီသရေကျခဲ့ပြီး (၁)မှတ်ရရှိထားသည်။ 

လာအိုတိုယိုတာအသင်းမှာမူ အဖွင့်ပွဲစဉ်တွင် စင်ကာပူကလပ် ဟောင်အန်းယူနိုက်တက်အသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ 

ထို့ပြင် ယခုပွဲမှာ လာအိုတိုယိုတာအသင်း၏ အုပ်စုတွင်း ပထမဆုံးအဝေးကွင်းပွဲဖြစ်သည်။