မွန်ပြည်နယ် နေလှန်းဆားထုတ်လုပ်မှု ကာလ နှစ်လခန့်သာ ကျန်သည့်အချိန်တွင် ဆားကြမ်းတစ်ပိဿာကျပ် ၈၀ ဝန်းကျင်ဖြစ် ပေါ်မှုသည် ယခင်နှစ်ကာလတူထက် ထက်ဝက်ကျော်ကျဆင်းနေရာ ထုတ်လုပ်မှုစရိတ် အောက်ရောက်ပါက ယခင်ရေးမြို့နယ်ဆား တောင်သူများကဲ့သို့ လုပ်ငန်းစွန့်ခွာမှုများဖြစ် ပေါ်လာနိုင်ကြောင်း မွန်ပြည်နယ်တွင် ဆားလုပ်ငန်းလုပ်ကိုင်မှုအများဆုံးဖြစ်သည့် သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူများက ဆိုသည်။
“သံဖြူဇရပ်မြို့နယ် ပငဆားကွင်းတွေ မှာ အခုဆားကြမ်းတစ်ပိဿာစျေးကကျပ် ၈၀ ဝန်းကျင်ပဲ ရနေတယ်။ မနှစ်က ဒီအချိန်မှာ ကျပ် ၁၈၀ လောက်ရနေတာ၊ ထက်ဝက်ကျော် စျေးဟသွားတယ်။ ဆားအလုပ်လုပ်ချိန်က မတ်၊ ဧပြီလောက်ပဲ ကျန်တယ်။ သင်္ကြန်ဖျက် မိုးတွေနဲ့ဆိုရင် လုပ်ရက်ဒီထက်နည်းသွားနိုင်တာပေါ့။ မိုးက မေလလယ်လောက်ဆို နှစ်လ ခွဲလောက် ဆားကျုံးနိုင်တာပေါ့။ စျေးကျတာ က ဧရာဝတီဆားလက်ကျန်ရှိနေပြီး မွန်မှာကလည်း လုပ်ဧကတိုးလာတယ်၊ ဒီအချိန်မှာအလုပ်သမားခ ငွေရှင်းရတယ်၊ ငွေကလိုတဲ့အချိန် ကုန်သည်တွေ စျေးကွက်ဖြစ်သွားတာပေါ့။ ဒါမျိုး အရင်ကဖြစ်ဖူးတယ်။ နေဆက်ပူ ဆား ကအထွက်ပိုမယ်ဆိုရင် ပေါက်စျေးက ထုတ်လုပ်မှုစရိတ်အောက်ရောက်သွားနိုင်တယ်။အဲဒီခါ တောင်သူတွေ တွက်ခြေမကိုက်တော့ ဆားလုပ်ငန်းကို စွန့်သွားတာမျိုး ရှိဖူးပါတယ်။ ရေးမြို့နယ်က ပလိုင်ကီးဆားကွင်းတွေပေါ့”ဟု ဆားတောင်သူဦးဘရှိန် (ပငဆားကွင်းလုပ် ကိုင်သူ)က ပြောကြားသည်။
နေလှန်းဆားလုပ်ငန်းသည် မိုးကျလုပ် ငန်းသိမ်းချိန်မှစ၍ ဆားစျေးတဖြည်းဖြည်းမြင့် တက်လေ့ရှိရာ နှစ် ၃၀ ကျော်ဆားထုတ်လုပ်ခဲ့သည့်လယ်မြေကို အခြားနည်းသုံးစွဲခွင့် အတွက်လုပ်ငန်းစဉ်များအရ လုပ်ဆောင်နေဆဲ ဖြစ်ရာ ဘဏ်၊ ဌာနများတွက်အာမခံမပေးနိုင်သည့်အတွက် ချေးငွေထုတ်မချေးနိုင်ခြင်းသည် ကိုလိုနီခေတ်ကလုပ်ကိုင်ခဲ့သည့် မိရိုးဖလာဆားလုပ်ငန်းထိခိုက်နိုင်သည်ကို စာနာသောအားဖြင့် အောက်ခြေအဆင့်ထိ ကွင်းဆင်းကာ အမှန်တကယ် ဆားမြေပိုင်ဆိုင်မှု၊ လုပ်ကိုင်နေမှုတို့ကိုစိစစ်ပြီး ဆားတောင်သူမိသားစု လုပ်သားများ၏အခက်အခဲကို ဖြေရှင်းသည့် အနေနှင့် ကာလတိုချေးငွေများအတွက် စဉ်းစားသင့်ကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က ဆိုသည်။
မွန်ပြည်နယ်တွင် ယခင်နှစ်က ဆားဧက ၃၉၀၀ မှ ယခုနှစ်တွင် ဧက ၄၀၀ တိုးကာ နေလှန်းဆားဧက ၄၃၀၀ ထိရှိလာပြီး ဆား ကွင်းလုပ်သားပေါင်း ၁၄ဝဝခန့်နှင့် မှီခိုမိသား စုဝင် ၄၀၀၀၊ ဆားကြမ်းကြိတ်စက် ၁၆ စက်၊ ကြိတ်စက်လုပ်သား ၁၆၀၊ မှီခိုသူမိသားစုများ၊ ဆက်စပ်သယ်ယူပို့ဆောင်ရေး ယာဉ်လုပ်သားများ၊ လက်လီအရောင်းစျေးကွက်လုပ်ကိုင်သူ များ မှီခိုနေရသည့်လုပ်ငန်းဖြစ်ကြောင်း သိရသည်။















