ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များကို တားဆီးမှုပြုလုပ်ခြင်း မရှိသေးသော်လည်း ယခင်က တရုတ်လေကြောင်းလိုင်း ၁၅ ခုက ခရီးစဉ်ပျံသန်းခဲ့ရာမှ လက်ရှိတွင် လေကြောင်းလိုင်းခြောက်ခုသာ ပျံသန်းမှုရှိနေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များကို တားဆီးမှုပြုလုပ်ခြင်း မရှိသေးသော်လည်း ယခင်က တရုတ်လေကြောင်းလိုင်း ၁၅ ခုက ခရီးစဉ်ပျံသန်းခဲ့ရာမှ လက်ရှိတွင် လေကြောင်းလိုင်းခြောက်ခုသာ ပျံသန်းမှုရှိနေ
  တရုတ်နိုင်ငံမှ လေကြောင်းလိုင်းတစ်ခု  ရန်ကုန်လေဆိပ်သို့ ရောက်ရှိစဉ်
တရုတ်နိုင်ငံမှ လေကြောင်းလိုင်းတစ်ခု  ရန်ကုန်လေဆိပ်သို့ ရောက်ရှိစဉ်
Published 24 February 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ပျံသန်းမည့် လေကြောင်းခရီးစဉ်များကို တားဆီးကန့်သတ်မှု ပြုလုပ်ခြင်းမရှိသေးသော်လည်း ယခင်က တရုတ်လေကြောင်းလိုင်း ၁၅ ခုက ခရီးစဉ်ပျံသန်းခဲ့ရာမှ လက်ရှိတွင် လေကြောင်းလိုင်းခြောက်ခုသာ ပျံသန်းမှုရှိနေကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

“အဓိကကတော့ မြန်မာနိုင်ငံကို ခရီးစဉ် ချိတ်ဆက်ပျံသန်းနေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေအနေနဲ့ လေယာဉ်ပေါ်မှာ ခရီးသည်တွေကို Health Declaration Form ကို အပြီးအစီးပြည့်စုံမှန်ကန်စွာ ဖြည့်စွက်စေဖို့ ညွှန်ကြားမှုတွေ ပြုလုပ်ထားပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံက ICAO ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် WHO နဲ့ ICAO က ညွှန်ကြားမှုတွေအတိုင်း ဆောင်ရွက်စေပါတယ်။ လက်ရှိအထိတော့ တရုတ်လေကြောင်းလိုင်းတွေကို တားဆီးကန့်သတ်တာမျိုးမရှိသေးပေမဲ့ ရောဂါဖြစ်ပွားမှုမရှိခင်က တရုတ်လေကြောင်းလိုင်း ၁၅ ခုအထိ ပျံသန်းနေရာကနေ အခုလက်ရှိတော့ ခြောက်လိုင်းပဲ ပျံသန်းနေပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

လေကြောင်းခရီးသွားလာမှုများမှ တစ်ဆင့် COVID-19 မြန်မာနိုင်ငံတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရန် WHO နှင့် ICAO ၏ ညွှန်ကြားချက်များအတိုင်း နိုင်ငံတကာ ခရီးစဉ်ပျံသန်းသည့် လေကြောင်းလိုင်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ပြည်တွင်းလေဆိပ်များ၌ ကူးစက်မြန် ကိုရိုနာရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များအား WHO နှင့် ICAO ၏ ညွှန်ကြားချက်များအတိုင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

လက်ရှိတရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန်ကိုရိုနာဗိုင်း ရပ်စ်ရောဂါမြန်မာပြည်တွင်းသို့ ရောက်ရှိလာပြီး အများပြည်သူကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနက တရုတ်နိုင်ငံသို့  ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI ၏ စင်းလုံးငှားခရီးစဉ်များအား ရပ်နားထားရန် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ယင်းအပြင် ICAO မှ Electronic Bulletin မှထုတ်ပြန်ကာ အဖွဲ့ဝင်နိုင်ငံများသို့ ဖြန့်ဝေထားပြီး လေကြောင်းဦးစီးဌာနအနေဖြင့် မိမိနိုင်ငံအတွင်းသို့ ပျံသန်းနေသည့် လေယာဉ်ပေါ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ သံသယဖြစ်ဖွယ်ခရီးသည် ပါလာပါက လေယာဉ်မှူးအနေဖြင့် Air Traffic Control Tower သို့ ကြိုတင်အကြောင်းကြားထားရှိရန် ပြည်တွင်း ပြည်ပပြေးဆွဲနေသည့် လေကြောင်းလိုင်းများအား NOTOM ထုတ်ပြန်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ အစပြုလျက် ကူးစက်ပျံ့ပွားနေသည့် ရောဂါပိုးအသစ် Novel Corona Virus လက်ရှိဖြစ်ပွားနေသော အခြေအနေကို ထိန်းချုပ်ရာတွင် အထောက်အကူပြုရန်နှင့် အာဏာပိုင်များ၏ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းသည် တရုတ်နိုင်ငံသို့ ပျံသန်းနေသည့် စင်းလုံးငှားခရီးစဉ်များအားလုံးကို ၂၀၂၀ ဇန်န ၀ါရီ ၃၁ ရက်မှစတင်ကာ နောက်ထပ်မထုတ်ပြန်မီအထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းပြင် ဟောင်ကောင်နှင့် ထိုင်ဝမ်လေကြောင်းလိုင်းများမှအပ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့များသို့ ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းခရီးစဉ်အများစုကို ရပ်ဆိုင်းထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သိရသည်။

ယခင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံအကြား လေကြောင်း ခရီးစဉ်ချိတ်ဆက်ပျံသန်းမှု ပြုလုပ်နေသည့် လေကြောင်းလိုင်း ၁၅ လိုင်းအထိရှိရာမှ လက်ရှိအချိန်တွင် လေကြောင်းလိုင်းခြောက်လိုင်းသာ ခရီးစဉ်ချိတ်ဆက်ပျံသန်းမှုပြုလုပ်နေကြောင်း သိရသည်။

 

Most Read

Most Recent