နိုင်ငံရေးပါတီများက ကော်မရှင်ကိုဝေဖန်မှုများအပေါ် အတိုင်းအတာတစ်ခုအထိ ခွင့်လွှတ်နိုင်သော်လည်း ဥပဒေသည် တစ်ခါတစ်ရံ ခွင့်မလွှတ်နိုင်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

နိုင်ငံရေးပါတီများက ကော်မရှင်ကိုဝေဖန်မှုများအပေါ် အတိုင်းအတာတစ်ခုအထိ ခွင့်လွှတ်နိုင်သော်လည်း ဥပဒေသည် တစ်ခါတစ်ရံ ခွင့်မလွှတ်နိုင်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 21 February 2020
နေရိုင်း၊ ဇေယျာထွန်း

နိုင်ငံရေးပါတီများက ကော်မရှင်ကို ဝေဖန်ပြောဆိုနေမှုများအပေါ် အတိုင်းအတာတစ်ခုအထိ ခွင့်လွှတ်နိုင်သော်လည်း ဥပဒေသည် တစ်ခါတစ်ရံ ခွင့်မလွှတ်နိုင်သည့် အခြေအနေမျိုးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

နေပြည်တော် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံးတွင် ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သည် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏မေးမြန်းမှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘယ်ပါတီပါဆိုပြီးတော့ ကျွန်တော်တို့ခေါင်းထဲမှာသိပ်ထည့်မနေဘူး။ အစွဲအလမ်းကင်းကင်းထားတယ်။ အားလုံးနဲ့ အတူတူပဲ။ ဘာပြောပြော၊ ဘယ်လိုပြောပြော အတိုင်းအတာအထိ ကျွန်တော်တို့ ခွင့်လွှတ်နိုင်ပေမယ့် ဥပဒေက တစ်ခါတစ်ရံ ခွင့်မလွှတ်နိုင်တာရှိတယ်နော်။ ကျွန်တော်တို့ကတော့ ဘာမှကိစ္စမရှိဘူး။ ပြည်ခိုင်ဖြိုး ဘာရယ်ဘာမှ မဟုတ်ဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ဘာသာလုပ်မယ်။ ပြည်သူကပဲ ဆုံးဖြတ်မှာပေါ့နော်။ ကျွန်တော်တို့ကိုလည်း ပြည်သူကဆုံးဖြတ်မယ်။ ပြည်သူက ကျွန်တော်တို့ကော်မရှင်ကို ပြည်သူရဲ့ အဆုံးအဖြတ်ပဲခံယူမယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်၍ လူတစ်ဦးချင်း ခေါ်ယူသတိပေးခြင်းမျိုးရှိသကဲ့သို့ အဖွဲ့လိုက်ခေါ်ယူ၍ သတိပေးခြင်းမျိုးလည်းရှိကြောင်း ဦးမြင့်နိုင်က ဆိုသည်။

“ပါတီအနေနဲ့ဆိုရင်တော့ မရှိဘူး။ ဦးလှဆွေက ဂျာနယ်ထဲမှာဖော်ပြလို့ ပြောခဲ့တာတွေ။ အချို့ပါတီတွေလည်း အရေးအသားနဲ့ ပတ်သက်လို့ပြောခဲ့တာပေါ့ ကျွန်တော်တို့ဆီမှာ မှတ်တမ်းရှိတယ်။ တကယ်ပြောရရင်တော့ဖြင့် ပါတီတွေနဲ့ သက်ဆိုင်တာပြောရရင် ၁၅ ခုလောက်ရှိမယ်။ ဘယ်ဟာတွေလည်း ပြောပါလို့ဆိုတော့ ဒါကျတော့ မကောင်းဘူးပေါ့။ ဒါကျတော့ သိပ်မပြောသင့်ဘူးပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ထို့ပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ မျှမျှတတရှိရမည်၊ အများယုံကြည်အောင် ပွင့်လင်းမြင်သာမှုရှိရမည်၊ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲသည် တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံငါးချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြောင်း ဦးမြင့်နိုင်က ဆိုသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲထက် မဲဆန္ဒရှင် ငါးသန်းခန့် တိုးမြင့်လာနိုင်ပြီး လာမည့်ရွေး ကောက်ပွဲတွင် မဲရုံပေါင်း ၄၁၅၁၄ ရုံရှိမည်ဖြစ်သော်လည်း ယင်းမဲရုံများထဲ၌ တပ်မဲရုံများ ပါဝင်မှုမရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သိရသည်။

 

 

Most Read

Most Recent