တိုင်းရင်းသားနိုင်ငံရေးပါတီများ ကန့်ကွက်လျက်ရှိသော မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိဒေသ၌် ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မည့် ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက် ပြည်သူ့လွှတ်တော်အတည်ပြု

တိုင်းရင်းသားနိုင်ငံရေးပါတီများ ကန့်ကွက်လျက်ရှိသော မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိဒေသ၌် ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မည့် ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက် ပြည်သူ့လွှတ်တော်အတည်ပြု
Published 21 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

တိုင်းရင်းသားနိုင်ငံရေးပါတီများ ကန့်ကွက်လျက်ရှိသော မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိဒေသ၌ ရက်ပေါင်း ၁၈၀ အစား  ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မည့် ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက်အား ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သည့်  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းထားသည့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ရွေးကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုများအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများကို ပြုလုပ်ခဲ့သည်။

လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ ၁၀ တွင် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ်မြေ ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေရန်အတွက် မဲစာရင်းထည့်သွင်းခြင်းကို အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဆိုသည့်အချက်တွင် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်းဆိုသည့် စကားရပ်ကို အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်းဆိုသည့် စကားရပ်ဖြင့် အစားထိုးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့လွှတ်တော်နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်းပြီးတော့ မူလပြဋ္ဌာန်းချက်၊ အဆိုပြုပြဋ္ဌာန်းချက်နှင့် ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ရန် တင်ပြချက်၊ အမှတ်(၂) အပိုဒ်(၃) နည်းဥပဒေ ၁၀ အား မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ထားရှိဖို့၊ အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်းဆိုတဲ့ စကားရပ်အတိုင်းသာ ထားသင့်ပါတယ်လို့ တင်ပြထားပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ မူဆယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်က လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

မဲဆန္ဒနယ်ပြင်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မဲဆန္ဒရှင်တစ်ဦးအား ယင်းဒေသတွင် ရက်ပေါင်း ၉၀ ဆိုသည့် ကာလတိုအတွင်းနေထိုင်သည်နှင့် မဲပေးခွင့်ပြုလိုက်မည်ဆိုပါက မဲဆန္ဒရှင် အရေအတွက် နည်းပါသည့် မဲဆန္ဒနယ်များတွင် ကြီးမားသော သက်ရောက်မှုများ ဖြစ်လာနိုင်ကြောင်း၊ ပြည်နယ်များရှိ မြို့နယ်အများစုသည် မဲဆန္ဒရှင်ဦးရေ နည်းပါးသည့်အတွက် ပြည်နယ်အခြေစိုက် ကိုယ်စားပြုမှုကို ထိခိုက်စေမည်ဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အရေးကြီးသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း အားလျော့သွားစေနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်က လွှတ်တော်၌ တင်ပြခဲ့သည်။

အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်က ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အထောက်အကူပြုရန်နှင့် တိုင်းရင်းသားများအချင်းချင်း ယုံကြည်မှု တည်ဆောက်ရာတွင် အကျိုးပြုရန်အတွက် မူလဥပဒေအတိုင်း ထားပေးပါရန် တင်ပြဆွေးနွေးလိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ချက်ကို ရွေ့ပြောင်းအခြေချမှု များပြားသော ပြည်နယ်သားတစ်ယောက်အနေဖြင့်လည်းကောင်း၊ ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ၏ သဘောထားအမြင်ဖြင့်သော်လည်းကောင်း ယင်းပြင်ဆင်ချက်သည် ပေးထားသည့် အခွင့်အရေးကို လျှော့ချလိုက်သည်ဟု ခံစားရကြောင်း ဦးလမာနော်အောင်က တင်ပြခဲ့သည်။

အထက်ပါ ပြင်ဆင်ချက်နှင့်ပတ်သက်၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်ကလည်း မူလပြဋ္ဌာန်းချက်အတိုင်းသာထားရှိရန် ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ မူလအတိုင်းထားရှိရန် ဆွေးနွေးတင်ပြချက်များအပြီးတွင် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတို့က စကားရပ်အစားထိုးရမည်ဆိုသည့် စကားရပ်သာအတည်ပြုသင့်ကြောင်း တင်ပြခဲ့သည်။

နည်းဥပဒေပုဒ်မ ၁၀ တွင် စကားရပ် အစားထိုးပြင်ဆင်ချက်နှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရန် စက်ခလုပ်နှိပ်၍ လျှို့ဝှက်ဆန္ဒမဲပေးသည့်စနစ်ဖြင့် အဆုံးအဖြတ်ရယူရာတွင် ထောက်ခံဆန္ဒမဲပေါင်း ၂၂၆ မဲ၊  ကန့်ကွက်ဆန္ဒမဲ ၁၄၉ မဲနှင့်  ကြားနေဆန္ဒမဲခြောက်မဲရရှိခဲ့ပြီး ထောက်ခံဆန္ဒမဲများသဖြင့် ကော်မရှင်နှင့် ကော်မတီ၏ တင်ပြချက်အတိုင်း အတည်ပြုခဲ့သည်။

ထို့ပြင် နည်းဥပဒေတွင်ပြင်ဆင်ချက်ဖြစ်သည့် တပ်မဲရုံများအား တပ်ပြင်ပတွင် ထားရှိမည့်အချက်ကိုလည်း ကော်မရှင်၏ပြင်ဆင်ချက်အတိုင်းပင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

 

 

Most Read

Most Recent