ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း
Published 19 February 2020
နီလာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ရန်ကုန်မြို့၌ ဖေဖော်ဝါရီလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရင်းနှီးမြှုပ်နှံမှုဖိုရမ်များ ကျင်းပရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို မတ်လအတွင်း ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လောလောဆယ် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ရွှေ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပဖို့ကိုတော့ လောလောဆယ် ရွှေ့ဖို့အစီအစဉ် မရှိသေးပါဘူး။ မူလသတ်မှတ်တဲ့အတိုင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ရွှေ့ဆိုင်းတာကိုတော့ သတင်းပို့ထားပါတယ်” ဟု  ဦးသန့်စင်လွင်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှု ဖြစ်ပွားပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ လာရောက် ဆွေးနွေးမှု လျော့ကျသွားကြောင်း သိရသည်။ သို့သော်လည်း ဆွေးနွေးထားသည့် ရင်းနှီးမြှုပ်နှံမှုများကို ဖျက်သိမ်းခြင်းမျိုး လုံးဝမရှိကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ဆီမှာ လာရောက် ဆွေးနွေးမှုကတော့ လျော့ကျသွားခြင်း မရှိပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံသားတွေ လာတာတော့ လျော့ကျသွားတယ်။ ဆွေးနွေးထားပြီးမှ ဖျက်လိုက်တယ် ဆိုတာမျိုးတော့ မရှိပါဘူး။ ပုံမှန်နိုင်ငံခြားသား ဝင်ရောက်မှုလည်း နည်းနည်းလျော့ကျသွားတာ ရှိသလို တရုတ်နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး လာပြီး ဆွေးနွေးတဲ့ အပိုင်းတွေတော့ နည်းနည်းလျော့ကျ သွားတာကို တွေ့ရပါတယ်” ဟု ဦးသန့်စင်လွင်က ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးလုပ်ငန်းများ နှောင့်နှေးမှုများ ဖြစ်ပွားသဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများလည်း နှောင့်နှေးမှုများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ မြန်မာသာမက တရုတ်နိုင်ငံနှင့် စီးပွားရေး ဆက်ဆံဆောင်ရွက်နေသည့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“အခုဆိုရင် တရုတ်နိုင်ငံနဲ့ အသွားအလာက နယ်စပ်တွေမှာလည်း ရပ်သွားတာ တွေ့ရတယ်။ သူ့ပြည်တွင်းမှာကို သူ့ဟာသူ ရပ်သွားတာလည်းရှိတယ်။ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့လည်း သင်္ဘောတွေ ဝင်လာတာကို ၁၄ ရက် စောင့်ကြည့်တာတွေ လုပ်နေတယ် ဆိုတော့လေ။ ကျွန်တော်တို့နိုင်ငံကလည်း ဝင်လာတဲ့သူကို စောင့်ကြည့်မှာပဲ။ ဒါကြောင့်မို့ မလာတာလည်း ဖြစ်မှာပေါ့” ဟု ၎င်းကဆိုသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၁၈) ကို ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ၂၀၁၈ ခုနှစ် မေ ၉ ရက်က ကျင်းပခဲ့သည်။ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၁၉) ကို ၂၀၁၉ ခုနှစ် မေ ၁၀ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသူများကို စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက  လုပ်သာကိုင်သာရှိပြီး ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၁၀ ရက်က ရန်ကုန်မြို့ရှိ Lotte ဟိုတယ်တွင် ကျင်းပသည့် Yangon Investment Forum တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိနေသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် တောက်ပရန်အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းရာတွင် ရင်းနှီးမြှုပ်နှံသူများ၏ အထောက်အပံ့များကို အစိုးရဘက်ကလည်း အင်တိုက်အားတိုက် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

Most Read

Most Recent