ထိုင်းနိုင်ငံဘက်တွင် အခွန်နှုန်းမြှင့်ထားခြင်းကြောင့် မြန်မာ့ကြက်သွန်နီများကို နားလည်မှုဖြင့် တင်ပို့နေရဟုဆို

ထိုင်းနိုင်ငံဘက်တွင် အခွန်နှုန်းမြှင့်ထားခြင်းကြောင့် မြန်မာ့ကြက်သွန်နီများကို နားလည်မှုဖြင့် တင်ပို့နေရဟုဆို
မြဝတီမြို့ရှိ ကြက်သွန်နီ ရောင်းဝယ်ရေး လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
မြဝတီမြို့ရှိ ကြက်သွန်နီ ရောင်းဝယ်ရေး လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
Published 19 February 2020
ကိုရွှေသိန်း (မြဝတီ)

မြန်မာ့ ကြက်သွန်နီများကို ထိုင်းဘက်က ဝယ်လိုအား များနေသော်လည်း ထိုင်းနိုင်ငံဘက်တွင် အခွန်နှုန်း မြှင့်ထားခြင်းကြောင့် တစ်နိုင်တစ်ပိုင်သာ နားလည်မှုဖြင့် တင်ပို့နေကြကြောင်း သိရသည်။

ထိုင်းဘက်သို့ တစ်ပိုင်တစ်နိုင် တင်ပို့နေသော ကြက်သွန်နီများမှာ ယခုအခါ စျေးကောင်းရလျက်ရှိပြီး ထိုင်းဘတ်ငွေစျေး မြင့်တက်နေခြင်းကြောင့်လည်း မြန်မာကြက်သွန် ကုန်သည်များ တွက်ခြေကိုက်လျက်ရှိသည် ဟုဆိုသည်။

မြဝတီနယ်စပ်စျေးကွက်သို့ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်းနှင့် မြစ်သားဘက်မှ ကြက်သွန်ကုန်သည်များ လာရောက်ပြီး တစ်ပိဿာလျှင် ကျပ် ၁၈၀၀ စျေးဖြင့် ရောင်းချကြောင်း သိရသည်။ မြဝတီမြို့ ဘုရင့်နောင် စျေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၀၀၀ ဖြင့် ရောင်းချနေပြီး ကုန်သည်အများစုမှာ ထိုင်းနိုင်ငံ မဲဆောက်စျေးကွက်သို့ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံ အတွင်းသို့ ထိုင်းကုန်စည် အမြောက်အမြား တရားဝင် တင်သွင်းလျက် ရှိသော်လည်း မြန်မာ့ကြက်သွန်နီများကို ထိုင်းဘက်သို့ တင်ပို့ရာ၌ တင်ပို့နိုင်ခြင်း မရှိအောင် အခွန်နှုန်းမြှင့်ထားသလို ရောင်းချမည့်စျေး၏ ခွင့်ပြုချက်ကိုလည်း ရယူရမည်ဖြစ်သည်။

မြန်မာကုန်သည်များ ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် ကိုယ်ကဝယ်ချင်ပါက ထိုင်းဘက်သို့ သွားရောက် ဝယ်ယူရသကဲ့သို့ ကိုယ်ကရောင်းချင်ပါကလည်း ထိုင်းဘက်သို့သာ သွားရောင်းရသည့်အတွက် မိမိထွက်ကုန်များအား ထိုင်းနိုင်ငံ ကုန်သည်များ လာရောက်ဝယ်ယူနိုင်အောင် စနစ်ကျသည့် ကုန်စည်ဒိုင် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့သွင်းမည့် ဂျပန်စွန့်ပစ်ပစ္စည်းများကို ထိုင်းနိုင်ငံမှ ဖြတ်သန်းခွင့်ပြုသော်လည်း မြန်မာ့ကုန်စည် ပြောင်း၊ ကြက်သွန်၊ ငရုတ်၊ အာလူးစသည်များကို အခြားနိုင်ငံသို့ တင်ပို့နိုင်ရန် ထိုင်းနိုင်ငံမှ ဖြတ်သန်းပို့ဆောင်ခွင့် မပြုကြောင်း သိရသည်။

“ကျွန်မတို့က မြင်းခြံဘက်ကလာတဲ့ ကြက်သွန်နီတွေ မဲဆောက်ကိုပို့တယ်။ ကြက်သွန်က ထိုင်းဘက်ကို တရားဝင် တင်သွင်းလို့ ရပေမယ့် ထိုင်းဘက်က အခွန်ကောက်တာက များတယ်။ ဒါကြောင့် စက်လှေဂိတ်တွေကနေ တင်ပို့ကြတယ်။ အများကြီး အုံနဲ့ကျင်းနဲ့ ပို့ရတာတော့ မဟုတ်ဘူး။ တစ်ပိုင်တစ်နိုင် ပို့ကြတာပေါ့။ ထိုင်းဘက်ကို ပို့တဲ့အခါ ကြက်သွန်တွေကို အမြီးအမြိတ် အစအနတွေ ဖြတ်ပြီး သန့်စင်အောင် လုပ်ပြီးမှ ၁၀ ကီလိုအိတ်တွေနဲ့ ထည့်ပြီးမှ ပို့ရတာ ၁၀ ကီလိုတစ်အိတ်ကို ဘတ် ၂၈၀ ရတယ်။ ပို့တဲ့အခါ အလုံးကြီးနဲ့ အလုံးလတ်ဆိုပြီး နှစ်မျိုးပို့ရတာပေါ့။ အလုံးကြီး က ၁၀ ကီလိုကို ၂၈၅ ဘတ်ရတယ်” ဟု ကြက်သွန်တင်ပို့နေသည့် ကုန်သည်တစ်ဦးက ပြောကြားသည်။

မြဝတီမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ကြက်သွန်နီ တစ်ပိဿာ ကျပ် ၃၅၀၀ အထိ စျေးတက်သွားခဲ့ပြီး တဖြည်းဖြည်း ပြန်လည်စျေးကျခဲ့ရာ ဖေဖော်ဝါရီ၌ တစ်ပိဿာကျပ် ၂၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မြန်မာကြက်သွန်နီများအား ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရာတွင် တစ်ကီလိုကို ရှစ်ဘတ်မှ ၁၀ ဘတ်အထိ အခွန်ပေးဆောင်ရသည့်အတွက် တရားဝင် တင်ပို့နိုင်ခြင်း မရှိဘဲ တစ်ပိုင်တစ်နိုင် ကြက်သွန် ကုန်သည်များ အနေနှင့် နီးစပ်ရာ စက်လှေဂိတ်များမှသာ တင်ပို့လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent