မြန်မာနိုင်ငံတစ်ဝန်း ပုဂ္ဂလိကစက်သုံးဆီဆိုင်ပေါင်း ၂၇၀၄ ဆိုင်အထိရှိလာပြီး မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးတွင် စက်သုံးဆီဆိုင် ၁၇၇၀ ကျော်ရှိနေ

မြန်မာနိုင်ငံတစ်ဝန်း ပုဂ္ဂလိကစက်သုံးဆီဆိုင်ပေါင်း ၂၇၀၄ ဆိုင်အထိရှိလာပြီး မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးတွင် စက်သုံးဆီဆိုင် ၁၇၇၀ ကျော်ရှိနေ
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင် တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 19 February 2020
စည်သူအောင်

မြန်မာနိုင်ငံတစ်ဝန်း ပုဂ္ဂလိကစက်သုံးဆီဆိုင်ပေါင်း ၂၇၀၄ ဆိုင်အထိရှိလာပြီး မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးများတွင် စက်သုံးဆီဆိုင် ၁၇၇၁ ဆိုင်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် စက်သုံးဆီဆိုင် ၂၃ ဆိုင် ထပ်မံခွင့်ပြုခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၂၇၀၄ ဆိုင်အထိရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ထုတ်ပေးထားသော စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ ပုဂ္ဂလိက စက်သုံးဆီဆိုင် ၂၃၈၉ ဆိုင်ခွင့်ပြုထားရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်စာရင်းများအရ စက်သုံးဆီဆိုင်ပေါင်း ၂၆၈၁ ဆိုင်အထိ ခွင့်ပြုခဲ့ရာ တစ်နှစ်တွင်း စက်သုံးဆီဆိုင် ၂၉၂ ဆိုင် လိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအလိုက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ထုတ်ပေးထားသော စက်သုံးဆီဆိုင်များမှာ ပြည်ထောင်စုနယ်မြေတွင် ၉၅ ဆိုင်၊ ရန် ကုန်တိုင်းဒေသကြီးတွင် ၁၈၈ ဆိုင်၊ မန္တလေး တိုင်းဒေသကြီးတွင် ၆၅၈ ဆိုင်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၁၃ ဆိုင်၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၇၁ ဆိုင်၊ မကွေးတိုင်း ဒေသကြီးတွင် ၁၉၆ ဆိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၄၅ ဆိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၀ ဆိုင်၊ ကချင်ပြည်နယ်တွင် ၁၂၁ ဆိုင်၊ ကယားပြည်နယ်တွင် ၁၈ ဆိုင်၊ ကရင်ပြည်နယ်တွင် ၅၃ ဆိုင်၊ ချင်းပြည်နယ်တွင် ငါးဆိုင်၊ မွန်ပြည်နယ်တွင် ၁၃၈ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၃၈ ဆိုင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၅၈ ဆိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၉၅ ဆိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၁၈၂ ဆိုင်တို့ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် ၂၇၀၄ ဆိုင်အထိရှိသည်။

စက်သုံးဆီ အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှု မရှိပါက ပေးဆောင်ရမည့် ဒဏ်ကြေးငွေကို မကိုက်ညီမှု တစ်မျိုးလျှင် ကျပ် ၁၀ သိန်းအထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အသိပေး ကြေညာထားသည်။

ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ၊ အစည်းအဝေး အမှတ်စဉ် (၃/၂၀၁၉)၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၉ ရက်စွဲပါစာအမှတ် MOEE ၁/၁၉ (ကြီးကြပ်-၂) (၁၅၆၁၅)/၂၀၁၉ အရ ဒဏ်ကြေးငွေ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ် ရေနံကြီးကြပ်/ဆပ်ကော်မတီများ အနေဖြင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား စက်သုံးဆီ အရည်အသွေးနှင့် အခြင်အတွယ် မှန်ကန်ကိုက်ညီမှု ရှိ/မရှိ အခါအားလျော်စွာ ရှောင်တခင် စစ်ဆေးရာ၌ ကိုက်ညီမှု မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သော် ယခင်က မကိုက်ညီမှု တစ်မျိုးလျှင် ပေးဆောင်ရမည့် ဒဏ်ကြေးငွေ ကျပ်ငါးသိန်းမှ ယခုအခါ ဒဏ်ကြေးငွေကျေပ် ၁၀ သိန်းသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်လျက် ပြစ်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ အနေဖြင့် သိရှိနိုင်ရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက အသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် တစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု ဒေါ်လာ သန်း ၁၈၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂၉ သန်းအထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၅ ရက်အထိ ပြည်ပမှ ဒီဇယ်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၁၂ သန်း ရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၈ သန်းလျော့ကျခဲ့သည်။ ဓာတ်ဆီတင်သွင်းမှုသည် ဒေါ်လာ ၇၁ သန်းရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၁ သန်းလျော့ကျခဲ့သည်။

စက်သုံးဆီများအား အရည်အသွေး၊ အခြင်အတွယ် မှန်ကန်ရေး စဉ်ဆက်မပြတ် စစ်ဆေးရန် စက်သုံးဆီ စစ်ဆေးသည့် ဓာတ်ခွဲခန်းများကို မြို့ကြီးတိုင်းတွင် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအင်ကဏ္ဍနှင့် စပ်လျဉ်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကိုလည်း ယခုထက်ပို၍ ဖွင့်လှစ်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားရန်၊ စက်သုံးဆီများအား အရည်အသွေး၊ အခြင်အတွယ် မှန်ကန်ရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်သုံးဆီများ စစ်ဆေးသည့် ဓာတ်ခွဲခန်းများကို မြို့ကြီးတိုင်းတွင် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်ခိုင်က ဆိုသည်။

 

Most Read

Most Recent