တေးသံရှင် အိမ့်ချစ်နှင့် တွေ့ဆုံခြင်း

တေးသံရှင် အိမ့်ချစ်နှင့် တွေ့ဆုံခြင်း
Published 19 February 2020
စုမှူးနိုင်

အသံအင်အားကောင်းကောင်းနဲ့ သီဆိုနိုင်ခဲ့သူအဖြစ် ပရိသတ်တွေက အသိအမှတ်ပြု ချစ်ခင်အားပေးခဲ့ကြတဲ့ အနုပညာရှင်တစ်ဦးကတော့ အိမ့်ချစ်ပါ။ အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ချစ်ခင်မှုကို အချိန်ကာလမကြာပဲရရှိခဲ့ပြီး အဲဒီအောင်မြင်မှုတွေကို အရှိန်မြင့်အောင်ကြိုးစားနိုင်ခဲ့တဲ့ အမျိုးသမီးတေးရေး၊ တေးဆိုတစ်ဦးဖြစ်တဲ့ အိမ့်ချစ်ရဲ့အချစ်ရေးက ပရိသတ်တွေကြားမှာလည်း အံ့သြဝမ်းသာစရာဖြစ်ခဲ့တာကြောင့် ပရိသတ်တွေသိချင်နေတဲ့ သူ့ရဲ့အချစ်ရေး၊ အိမ်ထောင်ရေးအပြင် အနုပညာအလုပ်တွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အိမ့်ချစ်ရဲ့ အချစ်ရေးအကြောင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ဘယ်လိုအသိပေးချင်လဲ။

ဖြေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လူမှုကွန်ရက်မှာတက်လာတဲ့ ဗီဒီယိုဖိုင်ကြောင့် ပရိသတ်တွေလည်း သိပြီးသားဖြစ်မှာပါ။ အိမ့်ချစ်ရဲ့ ချစ်ရတဲ့သူက အိမ့်ချစ်ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ အိမ့်ချစ်ကလည်း ခေါင်းညိတ်ခဲ့တယ်။ အိမ့်ချစ်တို့ရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၂၁ ခုနှစ်ထဲမှာကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီ ၂၀၂၀ ထဲမှာတော့ စေ့စပ်ပွဲလေးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီတစ်ခေါက်သွားခဲ့ရတဲ့ ခရီးစဉ်က အိမ့်ချစ်အတွက် အရမ်းကိုပျော်ရတဲ့ ခရီးစဉ်လေးလည်းဖြစ်ခဲ့ပါတယ်။ ပြောရရင် အိမ့်ချစ်ရဲ့ချစ်သူကို မိသားစုတွေကလည်း ကိုယ်တွေကို အစောကြီးကတည်းက သဘောတူထားပြီးသားဖြစ်သလို ဆွေမျိုးတွေ မိသားစုတွေကလည်း ချစ်ခင်ကြတယ်။ အိမ့်ချစ်ကိုလည်း ညီမလေးလို ဆုံးမတတ်သလို မောင်လေး ဂျူနီယာ ချစ်ကောင်းအပေါ်မှာလည်း ညီလေးတစ်ယောက်လို ချစ်ခင်ဆုံးမတတ်တယ်။ မောင်လေးနဲ့ ညီအစ်ကိုလို သူငယ်ချင်းလို ပေါင်းသင်းတတ်တဲ့သူဖြစ်သလို အိမ့်ချစ်အတွက်ဆိုရင်လည်း အစ်ကိုလို၊ သူငယ်ချင်းလို ချစ်သူလို ချစ်ပေးစောင့်ရှောက်ပေးတတ်တဲ့သူပါ။  အိမ့်ချစ်ရဲ့ ချစ်သူက အိမ့်ချစ်ရဲ့အမေကို သူ့အမေလိုချစ်ပေးတယ်။ အိမ့်ချစ်မိသားစုကို သူ့မိသားစုလို ချစ်ပေးတဲ့အတွက် အဲဒီအချက်ကလည်း အိမ့်ချစ်ရွေးချယ်လိုက်တဲ့ အချက်တွေထဲမှာပါပါတယ်။ အဲဒီအတွက်လည်း သူ့ကိုအိမ့်ချစ်က အများကြီးကျေးဇူးတင်ပါတယ်။

မေး ကိုယ်အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်က အခုလိုအချိန်မျိုးပဲလား။

ဖြေ ကိုယ်ကအရင်တုန်းကတော့ အသက် ၃၀ လောက်မှာ အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ထားခဲ့ဖူးတယ်။ အခုက အချိန်အခါအရလည်း ကွက်တိကျနေတာ ဘုရားပေးတဲ့ ဆုလာဘ်ပါပဲ။ အရင်တုန်းကလည်း အင်တာဗျူးတွေမှာ အိမ့်ချစ် ဖြေဖူးပါတယ်။ အိမ့်ချစ်က မိသားစုဘဝလေးကို လိုချင်တယ်။ ကလေးလေးတွေလည်း လိုချင်တယ်။ ကလေးယူဖို့က အရမ်းအသက်ကြီးသွားရင် အဆင်မပြေမှာစိုးလို့ ဒီအသက်အရွယ်လောက်က အတော်ပဲလို့ ဆုံးဖြတ်ခဲ့ဖူးတာပါ။

မေး ကိုယ်အိမ်ထောင်ပြုမယ်ဆိုတဲ့အခါမှာရော ကိုယ့်မိသားစုအတွက် ပြန်ပြီးစိတ်ပူရတာရှိလား။

ဖြေ အိမ့်ချစ်တို့က သားအမိသုံးယောက်ပဲ နေလာကြတာဆိုတော့ သူတို့စိတ်ထဲမှာလည်း အိမ့်ချစ်အိမ်ထောင်ကျလည်း ဒီမိသားစုက အမြဲတမ်းမခွဲမခွာ ရှိနေမယ်ဆိုတာကို အမေရော မောင်လေးရော သိထားတဲ့အတွက် ဘာမှကန့်ကွက်တာမရှိဘူး။ မိသားစုဝင်တစ်ယောက် တိုးလာတဲ့အတွက်ကို ပိုပြီးပျော်နေတာပါ။

မေး ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့ရော အိမ်ထောင်ပြုဖို့အတွက် စိတ်ပူရတာမျိုးဖြစ်ရလား။

ဖြေ သီချင်းဆိုနေတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် အိမ်ထောင်ပြုလိုက်တဲ့အခါမှာ အနုပညာအလုပ်တွေ ငြိမ်သွားတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့လည်း အိမ့်ချစ်က အရင်ကတည်းက အရမ်းလောဘကြီးတဲ့ထဲမှာ မပါဘူး။ အိမ့်ချစ် လုပ်သင့်သလောက် လုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့ အနုပညာအလုပ်တိုင်းမှာလည်း ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းနဲ့ အိမ့်ချစ်ရဲ့ အနုပညာကို အကောင်းဆုံးလုပ်ခဲ့တာဖြစ်တဲ့အတွက် အိမ့်ချစ်မှာ နောင်တဆိုတာမရှိဘူး။ နောက်ပြီး အိမ့်ချစ်အနေနဲ့က ကိုယ့်အသံနဲ့ပဲ တကယ်လုပ်စားတဲ့သူဖြစ်တဲ့အတွက် ပရိသတ်တွေက ကိုယ့်ကိုဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အားပေးမယ်ဆိုတာ ယုံတယ်။ အဲဒီလိုဖြစ်အောင်လည်း အိမ့်ချစ်က ကြိုးစားထားတယ်။ အိမ့်ချစ်ဖျော်ဖြေခွင့်ရခဲ့တဲ့ ပွဲတိုင်း၊ပွဲကြီးသည် ဖြစ်စေသေးသည်ဖြစ်စေ ပရိသတ်တွေမစည်ဘူး၊ မကြိုက်ဘူးဆိုတာမဖြစ်စေရအောင် ဘယ်ပွဲမဆို အိမ့်ချစ် ကြိုးစားတယ်။ အဲဒီကြိုးစားမှုကိုလည်း ကိုယ်တိုင်က ယုံကြည်မှုတစ်ခု ထားထားတဲ့အတွက် အိမ့်ချစ်ဘယ်လိုအခြေအနေမျိုးမှာမဆို ပရိသတ်တွေက ကိုယ့်ကို လက်ခံအားပေးနေမယ်ဆိုတာကို ယုံကြည်ထားပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်ယုံကြည်ထားတဲ့ သဘောကိုပြောပြတာပါ။

မေး ကိုယ့်ရဲ့ ချစ်သူကရော ကိုယ့်ရဲ့ အနုပညာအလုပ်တွေအတွက် ဘယ်လို သဘောထားလဲ။

ဖြေ သူ့ကိုအရင်ကတည်းက ကိုယ့်ဘဝအတွက် ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေကို ပြောပြထားပြီးသား ဖြစ်တဲ့အတွက် သူကလည်း ကိုယ့်အနုပညာအလုပ်တွေကို မတားမြစ်ပါဘူး။ နဂိုကတည်းက ဒီအနုပညာအလုပ်ကို တစ်သက်လုံးလုပ်ဖို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် သူ့ဘက်က အိမ့်ချစ်ရဲ့ အနုပညာအလုပ်တွေအပေါ်မှာ အများကြီးဝင်ပါတာမျိုး၊ ပိတ်ပင်တာမျိုး မရှိပါဘူး။

မေး ကိုယ့်ရဲ့ မင်္ဂလာပွဲအတွက်ရော ဘယ်လိုပုံစံမျိုးတွေကျင်းပမယ်လို့ စဉ်းစားထားလဲ။

ဖြေ အိမ့်ချစ်အများကြီးတော့ စဉ်းစားမထားဘူး။ မင်္ဂလာဆွမ်းကျွေးမယ်၊ Dinner ပွဲလေး လုပ်မယ်ဆိုတာလောက်ပါပဲ။ သူကတော့ ကိုယ့်အပေါ်မှာ ချစ်သူလိုရော အိမ်ထောင်ဘက်လိုရော မြင်သလို ညီမလေးတစ်ယောက်လိုလည်း မြင်တဲ့အတွက် အိမ့်ချစ်ဘဝမှာ အများကြီးပင်ပန်းခဲ့ရတာကို သူသိနေတဲ့အတွက် အိမ့်ချစ်ရဲ့မင်္ဂလာပွဲလေးကို ဘယ်လိုမျိုးလေးတွေလုပ်ပေးချင်တယ်ဆိုတာမျိုး သူကအမြဲ ပြောပါတယ်။ ဒါပေမဲ့လည်း လုပ်သင့်လုပ်ထိုက်သလောက် လုပ်ပြီးရင်တော့ မဖြုန်းတော့ဘူးပေါ့။ လေးငါးပွဲတွေလည်း မလုပ်ချင်ဘူး။ ကိုယ်တိုင်က ငွေရှာခဲ့ရတဲ့သူဆိုတော့ ငွေရှာရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာ သိတယ်လေ။

မေး မင်္ဂလာပွဲကို နောက်နှစ်မှကျင်းပဖို့ ရွေးချယ်ခဲ့တာရော ဘာကြောင့်လဲ။

ဖြေ ပြောရင်အိမ့်ချစ်အတွက်က လက်ထပ်ဖို့ ခေါင်းညိတ်ခဲ့တဲ့အချိန်မှာ အများကြီးစဉ်းစားဖို့ အချိန်မရခဲ့ဘူး။ ကိုယ်လက်ထပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်ထက်လည်း နည်းနည်းလေးစောနေတဲ့အတွက် အဆင်သင့်လည်းမဖြစ်သေးသလို ဒီနှစ်မှာလည်း အိမ့်ချစ်စီစဉ်ထားတဲ့ အနုပညာအလုပ်တွေက ရှိသေးတယ်။ ဂျူနီယာနဲ့ အိမ့်ချစ်တို့မောင်နှမနှစ်ယောက်ရဲ့ အခွေလေးကလည်း ဒီနှစ်ထဲမှာထွက်ဖို့ရှိတယ်။ ကိုယ်အောင်မြင်နေသေးချိန်မှာ ကိုယ့်ရဲ့ မောင်လေးအတွက် အနုပညာအလုပ်တွေကို အစ်မကြီးတစ်ယောက်အနေနဲ့ လုပ်ပေးချင်တာလေးတွေ ရှိသေးတယ်။ နောက်ပြီးတော့ ဒီနှစ်မှာ အိမ့်ချစ်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲလေးကျင်းပဖို့လည်း စီစဉ်ထားတာဖြစ်တဲ့အတွက် အဲဒါတွေပြီးမှပဲ မင်္ဂလာပွဲအတွက် စီစဉ်ရမှာဖြစ်လို့ မင်္ဂလာပွဲက နောက်နှစ်ထဲကိုရောက်သွားတာပါ။ အိမ်ထောင်ပြုလိုက်ပြီဆိုရင်တော့ အိမ်ထောင်မှုဝတ္တရားတွေ ရှိလာမယ်လေ။ ကိုယ့်မောင်လေးအတွက် မလုပ်ပေးနိုင်မှာလည်း စိုးရိမ်တယ်။ မောင်လေးရဲ့ အနုပညာလမ်းကြောင်းအတွက် လုပ်ပေးချင်တာတွေလည်း ရှိနေသေးတဲ့အတွက်ပါ။

မေး အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့နှစ်ယောက်တွဲ တေးစီးရီးကရော ဘယ်တော့လောက်ထွက်မလဲ။

ဖြေ အိမ့်ချစ်နဲ့ ဂျူနီယာတို့ မောင်နှမနှစ်ယောက်ရဲ့ စီးရီးလေးကို မေလလောက်မှာ ထွက်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာတော့ စီးရီးက မောင်လေးဘက်က သီချင်းတွေ အားလုံးပြီးနေပါပြီ။ အိမ့်ချစ်ဘက်ကပဲ ကျန်တော့တာပါ။ ဒီခွေမှာ သီချင်းကောင်းတွေအများကြီး စီစဉ်ထားပါတယ်။ ဒီခွေလေးက မောင်လေးအတွက် အဓိကလုပ်ပေးတာဖြစ်သလို မောင်နှမနှစ်ယောက်အတွက် အမှတ်တရလည်း ဖြစ်တဲ့အတွက် ပရိသတ်တွေအားပေးပါလို့ ပြောချင်ပါတယ်။

 

 

Most Read

Most Recent