၂၁ ရာစုပင်လုံညီလာခံ စတုတ္ထ အစည်းအဝေး မတိုင်မီ ကြားကာလအတွင်း ကျင်းပရမည့် အစည်းအဝေးများနှင့် ပတ်သက်၍ အစိုးရနှင့် NCA-S EAO အကြား ညှိနှိုင်းနိုင်ခဲ့ပြီး ဧပြီအတွင်း ညီလာခံ ကျင်းပနိုင်ရန် အာရုံစိုက် ဆောင်ရွက်နေဟုဆို

၂၁ ရာစုပင်လုံညီလာခံ စတုတ္ထ အစည်းအဝေး မတိုင်မီ ကြားကာလအတွင်း ကျင်းပရမည့် အစည်းအဝေးများနှင့် ပတ်သက်၍ အစိုးရနှင့် NCA-S EAO အကြား ညှိနှိုင်းနိုင်ခဲ့ပြီး ဧပြီအတွင်း ညီလာခံ ကျင်းပနိုင်ရန် အာရုံစိုက် ဆောင်ရွက်နေဟုဆို
ဖေဖော်ဝါရီ ၁၈ ရက်က NRPC ၌ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံစဉ်
ဖေဖော်ဝါရီ ၁၈ ရက်က NRPC ၌ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံစဉ်
Published 19 February 2020
မင်းနိုင်စိုး

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေး မတိုင်မီ ကြားကာလအတွင်း ကျင်းပရမည့် အစည်းအဝေးများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များအကြား ညှိနှိုင်းနိုင်ခဲ့ပြီး ဧပြီလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန် နှစ်ဖက်စလုံးက အာရုံစိုက်ဆောင်ရွက်နေကြောင်း အစိုးရကိုယ်စားလှယ်ဖြစ်သူ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်း ဦးဆောင်သော NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NCA-S EAO ) ကိုယ်စားလှယ်များ ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC တွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးလှမောင်ရွှေက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ညီလာခံက UPDJC ကပဲ ဆုံးဖြတ်လို့ရတယ်။ ကျွန်တော်တို့ ဆုံးဖြတ်လို့မရဘူး။ အဲဒီတော့ အခု ကျွန်တော်တို့အားလုံး ဝိုင်းပြီးတော့ ပြင်ဆင်နေတာက ပထမလေးလဆိုတာ ဧပြီလပေါ့။ အဲဒီတော့ ဧပြီလထဲမှာဝင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာ။ ဒါပေမဲ့ ဥပမာ မေ ၁ ရက်၊ ၂ ရက်ပေါ့။ အကြောင်းကြောင်းကြောင့် ပေါ့ဗျာ။ အလုပ်လုပ်ရင်းနဲ့ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့က ရွေ့ကောင်းရွေ့နိုင်လိမ့်မယ်လို့ ဆိုလိုတာ။ဒါပေမဲ့ သေချာပြောနိုင်တာက အခုတစ်ခေါက်ကတော့ နှစ်ဖက်လုံးက Seriously ဒီဟာကိုပဲ အာရုံစိုက်ပြီး လုပ်နေတာ” ဟု အစိုးရကိုယ်စားလှယ် ဦးလှမောင်ရွှေက ပြောကြားသည်။

ရှစ်ကြိမ်မြောက် JICM အစည်းအဝေးတွင် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား ဧပြီတွင် ကျင်းပရန် ဆုံးဖြတ်ထားသော်လည်း လက်ရှိအချိန်တွင် ညီလာခံ ကျင်းပနိုင်ရေးအတွက် အရေးပါသော အစည်းအဝေးများ  မကျင်းပနိုင်သေးသည့် အခြေအနေတွင် ၎င်းက ထိုသို့ မှတ်ချက်ပြု ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စု ငြိမ်ချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဧပြီအတွင်း ကျင်းပနိုင်ရေးအတွက် အင်တိုက်အားတိုက် ကြိုးစားနေကြောင်းလည်း NCA-S EAO ကိုယ်စားလှယ်ဖြစ်သူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် NCA-S EAO ကိုယ်စားလှယ်အဖွဲ့တို့ ညှိနှိုင်းအစည်းအဝေး မပြုလုပ်မီ ဖေဖော်ဝါရီ ၁၆ ရက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖွဲ့စည်းပေးထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ထိုသို့ သုံးရက်တာ တွေ့ဆုံဆွေးနွေးမှုတွင် မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေး ကျင်းပရန် အစိုးရဘက်က အဆိုပြုခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက် တွေ့ဆုံမှုတွင် JICM အစည်းအဝေး ဆုံးဖြတ်ချက် အမှတ် (၂) မှ အမှတ် (၈) အထိ ခုနစ်ချက်ကို နှစ်ဖက်ကိုယ်စားလှယ်များအကြား ဆွေးနွေးခဲ့ကြပြီး ထိုသို့ ဆွေးနွေးရာတွင် ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့သော အချက်များရှိသကဲ့သို့ ဆက်လက်ဆွေးနွေးရမည့် အချက်များလည်း ရှိနေပြီး အချုပ်အားဖြင့် ကောင်းမွန်သော ဆွေးနွေးမှုများရှိခဲ့သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြားသည်။

“အဓိကကတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က JICM ရဲ့အစည်းအဝေး ဆုံးဖြတ်ချက်ထဲမှာပါတဲ့ ဧပြီလထဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ အစည်းအဝေးကို ကျင်းပနိုင်ဖို့နဲ့ အဲဒီမှာ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းကို ချုပ်ဆိုနိုင်ဖို့ကတော့ အဓိက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ ဖြစ်တယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

ထို့ပြင် နှစ်ရက်တာ ညှိနှိုင်းအစည်းအဝေးတွင် မတ် ၅ ရက်မှ ၇ ရက်အထိ နှစ်ဖက်အလုပ်အဖွဲ့များ ပြန်လည်တွေ့ဆုံညှိနှိုင်းရန်နှင့် မတ် ၁၀ ရက်တွင် ပြည်ထောင်စုငြိမ်ချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အစည်းအဝေး၊ မတ် ၁၂ ရက်တွင် UPDJC အစည်းအဝေး ကျင်းပရန် နှစ်ဖက်သဘောတူခဲ့သည်။

နှစ်ရက်တာအစည်းအဝေး၏ ရလဒ်အနေဖြင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်တွင် အစိုးရဘက်အဆိုပြုချက်နှင့် NCA-S EAO အဆိုပြုချက်များအပေါ် ဘုံသဘောထားများ စုစည်းခဲ့ပြီး ထိုသို့စုစည်းရာတွင် အချက်ပေါင်း ရှစ်ချက်မှာ ဘုံသဘောတူညီချက်အဖြစ် ရရှိခဲ့ကာ ကျန်သည့် (၁၂) ချက်မှာ ဆက်လက်ဆွေးနွေးရန် သဘောထားရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

ထိုသို့ ရရှိခဲ့သော အဆိုပြုချက်များကို NCA-S EAO အစုအဖွဲ့အတွင်း သက်ဆိုင်ရာ ခေါင်းဆောင်များထံ ပြန်လည်တင်ပြ၍ လာမည့် မတ် ၅ ရက်မှ ၇ ရက် တွေ့ဆုံမှုတွင် ဆက်လက်အတည်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နှစ်ဖက်ပြန်လည် သယ်ဆောင်သွားပြီး ပြန်လည်တွေ့ဆုံရာတွင်မူ ဘုံသဘောထားအဖြစ်ရရှိရန် ဆွေးနွေးနိုင်ခဲ့ကြောင်းလည်း နိုင်အောင်မငေးက ပြောကြားသည်။                 

 

Most Read

Most Recent