ပန်းဆိုးတန်း - ဒလကူး တို့လမ်းတွင် ချယ်ရီရေယာဉ် ဒလဆိပ်ကမ်းမှထွက်ခွာနေစဉ် ဆိပ်ခံဘောပေါ် ပြန်လည်ခုန်တက်ရာမှ ရေထဲပြုတ်ကျသွားသည့် ခရီးသည်အမျိုးသမီးတစ်ဦးကို ရေယာဉ်မှူးနှင့်ဝန်ထမ်းများက ကယ်ဆယ်နိုင်ခဲ့

ပန်းဆိုးတန်း - ဒလကူး တို့လမ်းတွင် ချယ်ရီရေယာဉ် ဒလဆိပ်ကမ်းမှထွက်ခွာနေစဉ် ဆိပ်ခံဘောပေါ် ပြန်လည်ခုန်တက်ရာမှ ရေထဲပြုတ်ကျသွားသည့် ခရီးသည်အမျိုးသမီးတစ်ဦးကို ရေယာဉ်မှူးနှင့်ဝန်ထမ်းများက ကယ်ဆယ်နိုင်ခဲ့
Published 19 February 2020
ကြည်နိုင်

ပန်းဆိုးတန်း - ဒလကူးတို့လမ်းတွင် ချယ်ရီ (၁) ရေယာဉ်သည်ဒလဆိပ်ကမ်းမှ ထွက်ခွာနေစဉ် ဆိပ်ခံဘောပေါ်သို့ ပြန်လည်ခုန်တက်ရာမှ ရေထဲပြုတ်ကျသွားသည့် ခရီးသည်အမျိုးတစ်ဦးကို ရေယာဉ်မှူးနှင့် ဝန်ထမ်းများက ကယ်ဆယ်နိုင်မှု ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ သတင်းထုတ်ပြန်မှု အရသိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ပန်းဆိုးတန်း - ဒလကူးတို့လမ်းမှ “ချယ်ရီ-၁” ရေယာဉ်သည် ဖေဖော်ဝါရီ ၁၈ ရက်က နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ဒလဆိပ်ကမ်းမှ ထွက်ခွာနေစဉ် ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့် မ…အသက် (၃၄)နှစ်၊ ရေးမြို့နယ်တွင်နေထိုင်သူသည် ၎င်းနှင့်အတူလိုက် ပါလာသည့် အစ်မဖြစ်သူ ဒေါ်… မှာ ရေယာဉ်ပေါ်တွင် ပါရှိမလာကြောင်း သိရှိရ၍ ပိတ်ထားသောရေယာဉ်၏ ယာရှေ့ပေါက်မှတံခါးကို ၎င်းကိုယ်တိုင်ဖွင့်၍ ဆိပ်ခံဘောသို့ ပြန်လည်ခုန်တက်ခဲ့ရာ ဟန်ချက်ပျက်ပြီး ရေထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း ထုတ်ပြန်မှုအရ သိရသည်။

ထို့နောက် “ချယ်ရီ (၁)” ရေယာဉ်မှ ရေယာဉ်မှူး (ရေယာဉ်အုပ် -၃) ဦးမြင့်အေး (၅၉ နှစ်) သည် ရေယာဉ်အပေါ်ထပ် တက်မစင်မှ ရေထဲသို့ခုန်ဆင်း၍လည်းကောင်း၊ သင်္ဘောသားဦးမျိုးအောင်နှင့် အကူလုပ်သား ဦးအောင်အောင်တို့မှာလည်း ရေယာဉ်ကုန်းပတ်ပေါ်မှ ရေထဲသို့ခုန်ဆင်း၍လည်းကောင်း၊ ရေယာဉ်ဝန်ထမ်းများက ခရီးသည်အမျိုးသမီးအား အချိန်မီကယ်ဆယ်နိုင်ခဲ့ကြောင်း ဆက်လက်သိရသည်။

ဆက်လက်၍ ရေထဲသို့ပြုတ်ကျသွားခဲ့သည့် မခင်ချမ်းမြေ့ဦးအား ကယ်ဆယ်ရရှိပြီး  နောက်ဒလမြို့ရှိ အထူးကုဆေးခန်းသို့ ခေါ်ဆောင်ကာ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာ မရရှိခဲ့ကြောင်းနှင့် ကျန်းမာရေး ကောင်းမွန်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒလမြို့နယ်မြို့မရဲစခန်းသို့ သတင်းပို့ခဲ့ပြီးနောက် နောင်ထိုသို့ မပြုလုပ်စေရေးအတွက် အသိပညာပေးခြင်း၊ ခရီးသည်အမျိုးသမီးထံမှ ခံဝန်ကတိရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent