ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် အထည်ချုပ်လုပ်ငန်းများ၊ ဖရဲ၊ သခွားစသည့် သီးနှံထုတ်ကုန်များ ထိခိုက်နစ်နာနေသဖြင့် ပြည်တွင်းရောင်းအား မြှင့်တင်ရန်နှင့် အခြားနိုင်ငံများသို့တင်ပို့ရန် သက်ဆိုင်ရာနိုင်ငံရှိ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများနှင့် ညှိနှိုင်းလျက်ရှိ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် အထည်ချုပ်လုပ်ငန်းများ၊ ဖရဲ၊ သခွားစသည့် သီးနှံထုတ်ကုန်များ ထိခိုက်နစ်နာနေသဖြင့် ပြည်တွင်းရောင်းအား မြှင့်တင်ရန်နှင့် အခြားနိုင်ငံများသို့တင်ပို့ရန် သက်ဆိုင်ရာနိုင်ငံရှိ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများနှင့် ညှိနှိုင်းလျက်ရှိ
  မြန်မာဘက်မှတင်ပို့ရောင်းချထားသော ဖရဲ၊ သခွားသီးများအား တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်းတွင် ရောင်းမရဘဲ စုပြုံနေသည်ကို ဇန်နဝါရီလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ- ထွန်းနေလှိုင်)
မြန်မာဘက်မှတင်ပို့ရောင်းချထားသော ဖရဲ၊ သခွားသီးများအား တရုတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်းတွင် ရောင်းမရဘဲ စုပြုံနေသည်ကို ဇန်နဝါရီလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ- ထွန်းနေလှိုင်)
Published 18 February 2020
နီလာ

လက်ရှိကြုံတွေ့နေရသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုများကြောင့် အထည်ချုပ်လုပ်ငန်းများ ထိခိုက်နစ်နာမှုဖြစ်ပေါ်သကဲ့သို့ ဖရဲသီး၊ သခွားသီး စသည့်သီးနှံထုတ်ကုန်များလည်း ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

ပြည်တွင်းရောင်းအား မြှင့်တင်နိုင်ရန်နှင့် အခြားနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက်  စျေးကွက်ရှာဖွေနိုင်ရန် သက်ဆိုင်ရာနိုင်ငံရှိ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်၌ ကျင်းပသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန် ကြီးဌာနမှ သိရသည်။

ကုန်သည်အသင်းအဖွဲ့များမှတင်ပြသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေးကုန်သည်အသင်း၊ ကုန်သည်စက်မှုအသင်းချုပ်၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအဖွဲ့နှင့် မြန်မာနိုင်ငံဆေးလိပ်နှင့် ဆေးရွက်ကြီး လုပ်ငန်းရှင်များအသင်းတို့မှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စျေးကွက်တုံ့ဆိုင်းမှုကြောင့် ဖရဲ၊ သခွားမွှေး ထုတ်ကုန်များအပေါ် ပြည်တွင်းစျေးကွက် အမြန်ဆုံးရရှိရေးအတွက် ရန်ကုန်မြို့ရှိ စျေးအချို့၌ ဆိုင်ခန်းဖွင့်လှစ်ရောင်းချရန်နှင့် မြို့တွင်းလှည့်လည်ရောင်းချရန် စီစဉ်ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စျေးကွက်တုံ့ဆိုင်းမှုကြောင့် ဖရဲ/ သခွားမွှေး ထုတ်ကုန်များအပေါ် ပြည်တွင်းစျေးကွက် အမြန်ဆုံးရရှိရေးနှင့် ပြည်ပစျေးကွက် တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ရန်ကုန်မြို့၊ မြေပဒေသာကျွန်းတွင် ဖရဲ/  သခွားပွဲတော် ကျင်းပပြုလုပ်ရေး၊ တညင်းကုန်း လက်ကားစျေးတွင် သယ်ယူရောင်းဝယ်ရန် နေရာစီစဉ်ဆောင်ရွက်ပေးရေး၊ ရွှေပိတောက်ငါးစျေး (လှိုင်မြို့နယ်)တွင် သယ်ယူပို့ဆောင် ရောင်းဝယ်ရန် နေရာစီစဉ်ပေးခြင်း၊ ရတနာသီရိ ကုန်စိမ်းစျေး(ထောက်ကြန့်)အပေါ်ထပ်တွင် ရောင်းချရန် နေရာစီစဉ်ပေးခြင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ စျေးများအတွင်းရရှိနိုင် မည့်နေရာများတွင် ဆိုင်ခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊  Door to Door စနစ်ဖြင့် ရန်ကုန်မြို့တွင်း လှည့်လည်ရောင်းချရန်စီစဉ်ပေးထားသည်။

မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ ဘုရင့်နောင်ကုန်စည်ဒိုင်၊ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း သယ်ယူရောင်းဝယ်ရန် နေရာစီစဉ်ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝနြ်ကီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၏ အုပ်စု (၁၁) သိုလှောင်ရုံနှင့် ကြက်ဘဲစျေးအနီး မြန်မာ့ဂုဏ်ရောင်လမ်းမပေါ်ရှိ ကုန်သွယ်ရေးဦးစီးဌာနပိုင် တစ်ဧကခန့်ဝင်းအတွင်း ယာယီဆိုင်ခန်းဖွင့်လှစ်ရောင်းချရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် စီစဉ်ပေးမည်ဟုပြောကြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။                                            

Most Read

Most Recent