လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၁ ခု ခွင့်ပြု/ အတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့်ခြင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၇ ဘီလျံအထိ ရှိ

လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၁ ခု ခွင့်ပြု/ အတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့်ခြင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၇ ဘီလျံအထိ ရှိ
 သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 18 February 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၁ ခု ခွင့်ပြု/ အတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့်ခြင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၇ ဘီလျံနီးပါးအထိ ခွင့်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန DICA ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ခွင့်ပြု/ အတည်ပြုပေးခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၁ ခုမှာ ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁ ဒသမ ၉၇၃ ဘီလျံရှိသည်။ အဆိုပါကာလအတွင်း ခွင့်ပြု/ အတည်ပြုထားပြီး လုပ်ငန်းအဟောင်းများက ထပ်မံတိုးချဲ့မှုသည် ဒေါ်လာ ၆၁၆ ဒသမ ၉၅၆ သန်းအထိရှိသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုထပ်မံတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀၂  ဒသမ ၆၄၀ သန်းရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း မြန်မာနိုင်ငံအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၆၉၃ ဘီလျံအထိ ဝင်ရောက်ထားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဟောင်ကောင်နှင့် အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်အားကောင်းလာမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“နောက်တစ်ခုထပ်ပြီး အဓိကအားကောင်းနိုင်တာက အာဆီယံနိုင်ငံတွေက စင်ကာပူတို့ ထိုင်းတို့ အထူးသဖြင့်ပေါ့။ အဲဒီနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဆက်ပြီး အားကောင်းမယ်။ ဟောင်ကောင်ရဲ့ ရင်းနှီးမြှုပ်နှံမှုဆက်ပြီးတော့ မြန်မာပြည်မှာ အားကောင်းနိုင်တယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

လက်ရှိတွင် အာဆီယံနိုင်ငံများအနက်  မြန်မာနိုင်ငံအတွင်းသို့ လာရောက်ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံများမှာ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် လာအို စသည့် နိုင်ငံပေါင်းကိုးနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန်ဥပဒေအရ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မတီ MIC က ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ ကုန်ထုတ်လုပ် မှုလုပ်ငန်းရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး အရောင်းအဝယ်လုပ်ငန်း ကိုးရာခိုင်နှုန်းနီးပါးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွင် ငါးရာခိုင်နှုန်းခန့် ပါဝင်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ  ၁၂ ခု တွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ ယင်းအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ရာခိုင်နှုန်းကျော်၊လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ရာခိုင်နှုန်းကျော်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ၁၃ ရာခိုင်နှုန်းကျော်၊ အိမ်ခြံမြေကဏ္ဍတွင် ခုနစ်ရာခိုင်နှုန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော်၊ သတ္တုတွင်းထွက်လုပ်ငန်းကဏ္ဍတွင် သုံးရာခိုင်နှုန်းကျော် စသည်ဖြင့် အသီးသီးရှိသည်။

         

           

 

Most Read

Most Recent