အူဒီးနီးစ် - ဗီရိုနာ (တနင်္ဂနွေညနေ ၆:၀၀ နာရီ)
အူဒီးနီးစ်က လတ်တလောမှာ ရလဒ်တွေကျနေပေမယ့် အိမ်ကွင်းမှာ ကစားအားကောင်းတဲ့အသင်းပါ။ ဒီပေါလ် ဦးဆောင်တဲ့ ကွင်းလယ်ပိုင်းက အဆင့်တစ်ခုမှာရှိပြီး ခံစစ်ကလည်း မဆိုးပါဘူး။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် ဗီရိုနာက (၈)ပွဲဆက် ရှုံးပွဲမရှိ ကစားထားတဲ့အသင်းဖြစ်ပြီး အဲဒီပွဲတွေထဲမှာ ဂျူဗီ၊ လာဇီယိုတို့ ပါဝင်နေပါတယ်။ အူဒီးနီးစ်အနေနဲ့ ဗီရိုနာခံစစ်ကို ကျော်ဖြတ်ဖို့ အခက်အခဲရှိတယ်။ ဗီရိုနာ (၃)မှတ်ထပ်ယူလိမ့်မယ်။
ဂျူဗင်တပ်စ် - ဘရက်စီယာ (တနင်္ဂနွေည ၈:၃၀ နာရီ)
ဂျူဗင်တပ်စ်မှာ ဆာရီ ထိုင်ခုံလှုပ်နေပါပြီ။ ခြေစွမ်းကတော့ ကိုယ့်အဆင့်နဲ့မတန်လောက်အောင် ဆိုးရွားနေပြီး အပေါင်းလက္ခဏာဆိုလို့ စီရော်နယ်လ်ဒိုတစ်ဦးကိုသာ ညွှန်ပြစရာ ရှိတယ်။ ဒါပေမဲ့ ဘရက်စီယာက လာရာလမ်းကို ပြန်သွားရမယ့် အသင်းဖြစ်ပြီး ခြေစွမ်းတော်တော်လေး ဆိုးရွားပါတယ်။ ခံစစ်မှာ ပြဿနာပေါင်းစုံရှိနေပြီး ဂိုးသမား ယိုရိုနန်ကြောင့်သာ ခံသာနေတာပါ။ ဂျူဗင်တပ်စ် ဂိုးပြတ်ပေါက်ကွဲမယ့် ပွဲပါ။
ဆမ်ဒိုးရီးယား - ဖီအိုရင်တီးနား (တနင်္ဂနွေည ၈:၃၀ နာရီ)
ဆမ်ဒိုးရီးယားက လက်ခံလို့ရတဲ့ ရလဒ်နဲ့တိုးတက်မှုကို ပြသနေပါတယ်။ ဖီအိုရင်တီးနားကတော့ ပွဲကျပ်တွေကြားထဲ နစ်မွန်းသလို ဖြစ်နေတယ်။ ဆမ်ဒိုးရီးယား အိမ်ကွင်းမာပေမယ့် ဖီအို အဝေးကွင်းမှာ တစ်မှတ်တော့ ယူလိမ့်မယ်။
ဆာဆူအိုလို - ပါးမား (တနင်္ဂနွေည ၈:၃၀ နာရီ)
တန်ပြန်တိုက်စစ်ကစားပုံကောင်းတဲ့ နှစ်သင်းရဲ့ဆုံတွေ့မှု ဖြစ်ပြီး ပါးမားကတော့ ခံစစ်ပိုကောင်းတယ်။ ဒါပေမဲ ့ဆာဆူအိုလိုရဲ့ တိုက်စစ်ကစားသမားတွေက တစ်ဦးချင်းအရမ်းကောင်းတယ်။ ကြည့်ကောင်းမယ့်ပွဲဖြစ်ပြီး ဂိုးများတဲ့သရေပွဲ ဖြစ်နိုင်ပါတယ်။
ကာဂလီယာရီ - နာပိုလီ (တနင်္ဂနွေည ၁၁:၃၀ နာရီ)
ကာဂလီယာရီက အမြင့်ပျံနေ့ရက်တွေအလွန်မှာ နိုင်ပွဲပျောက်နေတာ (၉)ပွဲတိုင်ပါပြီ။ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းအ နည်းငယ် ပြန်တက်လာတာကိုတော့ တွေ့ရတယ်။ လက်ချီနဲ့ပွဲ အရှုံးက နာပိုလီရဲ့အခြေအနေမှန်ကို ပြပါတယ်။ ဒီအသင်းက တည်ငြိမ်တဲ့ဟန်ချက်တစ်ခုကို အခုထိ ပြန်မတည်ဆောက်နိုင်သေးပါဘူး။ တိုက်စစ်အားသန်တဲ့အသင်းတွေဖြစ်လို့ ဖွင့်ကစားတဲ့ပွဲကို မြင်ရလိမ့်မယ်။ ဂိုးများတဲ့ သရေပွဲဖြစ်နိုင်တယ်။
လာဇီယို - အင်တာမီလန် (တနင်္လာနံနက် ၂:၁၅ နာရီ)
လာဇီယိုက (၁၈)ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး အလွန်တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသထားတယ်။ တိုက်စစ်ထက် မြက်ရုံသာမက နောက်ပိုင်းပွဲတွေမှာ ခံစစ်ကလည်း ပိုပြီးစနစ်ကျလာတာကိုလည်း တွေ့ရတယ်။ စီးရီးအေ အိမ်ကွင်းတိုက်စစ် အကောင်းဆုံး၊ ခံစစ်အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေက လာဇီယိုဟာ အိုလံပီကိုမှာ ဘယ်လောက်အထိ ခိုင်မာသလဲဆိုတာကို ပြတယ်။ အင်တာမီလန်ကလည်း အဝေးကွင်းမှာဆို ပိုကောင်းပြီး အထူးသဖြင့် အပေါ်စီးက တစ်ဖက်သတ်ဖိကစားရတဲ့ အနေအထားမျိုးထက် လာဇီယိုလို ပြိုင်ဘက်မျိုးနဲ့ဆို ပိုကောင်းလာတတ်တယ်။ တစ်ဖက်မှာ ချန်ပီယံလုဖက် ဂျူဗင်တပ်စ်က အိမ်ကွင်းမှာ (၃)မှတ်ရဖို့ သေချာသလောက်ရှိနေလို့ စကူဒက်တိုအိပ်မက်မက်နေတဲ့ ဒီနှစ်သင်းအတွက် အခုပွဲက အရမ်းအရေးကြီးနေတယ်။ အကြိတ်အနယ်ရှိဖို့ သေချာပြီး အိမ်ကွင်းအားသာချက်ရှိတဲ့ လာဇီယို အနိမ့်ဆုံး သရေရမယ်။